Powered By Blogger

Monday, July 30, 2012

စိုင်းနော်ခမ်း လက်ထောက် လွှဲပေးဖို့ တရုတ်တောင်းဆို

တရုတ်နိုင်ငံသား (၁၃) ဦး မဲခေါင်မြစ်တွင်း သတ်ဖြတ်ခံရမှုနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ စိုင်းနော်ခမ်း ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့က လက်ထောက်တဦးကို လွှဲပြောင်းပေးဖို့ တရုတ် အာဏာပိုင်တွေက တောင်းခံ ခဲ့ပေမဲ့ မြန်မာနိုင်ငံက လက်မခံခဲ့ဘူးလို့ နီးစပ်သူ အသိုင်း အ၀ိုင်းက ပြောပါတယ်။ စိုင်းနော်ခမ်းကို လာအိုနိုင်ငံက လွှဲပြောင်းပေးခဲ့ပြီးတဲ့နောက် ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေနဲ့ ဒီသီတင်းပတ်တွင်း ဆွေးနွေးရာမှာ တရုတ်အာဏာပိုင်တွေက တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထား ပါတယ်။

ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်ကြောင်းမှာ တရုတ်သဘောင်္သား (၁၃) ဦး သတ်ဖြတ်ခံရမှုမှာ တာဝန် ရှိတယ်လို့ ယုံကြည်ထားတဲ့ စိုင်းနော်ခမ်း ဦးဆောင်တဲ့အဖွဲ့ရဲ့ ထိပ်တန်းလက်ထောက် တဦးဖြစ်ပြီး နောက်ပိုင်း မြန်မာ အာဏာပိုင်တွေထံ လက်နက်ချသွားတဲ့ စိုင်းအောင်မြတ်ကိုလွှဲပေးဖို့ တရုတ်ကိုယ်စားလှယ်အဖွဲ့က တောင်းဆို ခဲ့ပေမဲ့ မြန်မာဘက်က ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း တရုတ် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗျူရို ညွှန်ကြားရေးမှူး Liu Yuejin ဦးဆောင်တဲ့ အဖွဲ့ကို ကျိုင်းတုံအကျဉ်းထောင်မှာ ထိန်းသိမ်းထားတဲ့ စိုင်းအောင်မြတ်ကို စစ်ဆေးခွင့်တော့ပေးခဲ့ တယ်လို့ ရှမ်းသံတော်ဆင့် သတင်းစဉ်အယ်ဒီတာ ဦးခွန်စိုင်းက ပြောပါတယ်။

“တရုတ်အာဏာပိုင်တွေက စစ်ဆေးပြီးတော့ ဒီနေ့ ကျိုင်းတုံကနေ သူတို့ယာဉ်နဲ့ ခရီးဆက်ပြီးတော့ မှ ပြန်သွား တယ်လို့ ပြောပါတယ်။ ဒီ တရုတ်အာဏာပိုင်တွေက နေပြည်တော်အာဏာပိုင်တွေနဲ့ သူတို့ ဆွေးနွေးတဲ့အခါကျ တော့ နေပြည်တော်ဘက်ကနေပြီးတော့ ဒီစိုင်းအောင်မြတ်ကို မပေးနိုင် ဘူး။ သူက အဖမ်းခံရတာ မဟုတ်ဘူး။ သူက လက်နက်လာချတဲ့သူ ဖြစ်တယ်။ ဒါကြောင့်မို့ မအပ်နိုင် ဘူးလို့ ပြောပါတယ်။ ဇူလိုင်လ (၂၇) ရက် သောကြာနေ့မှာ ကျိုင်းတုံမြို့ကို သူတို့ခရီးထွက်လာတယ်။ (၂၈) ရက်နဲ့ (၂၉) ရက်မှာ ဒီစိုင်းအောင်မြတ်ကို သူတို့ စစ်ဆေးမေးမြန်းတယ်လို့တော့ ကြားရတယ်။ တရက်ကို (၁၂) နာရီလောက် သူမေးတယ်လို့ ပြောတယ်။ နေ့လည် (၂) နာရီကနေ ညသန်းခေါင်ကျော် ည (၂) နာရီအထိ တနေ့ကို (၁၂) နာရီအထိ သူ့ကို စစ်ဆေး တာပေါ့နော်။”

အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့တခုကို ဦးဆောင်လာတဲ့ တရုတ်မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို အကြီးအကဲနဲ့ အဖွဲ့ဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံပြီး အပြန်အလှန် သတင်း အချက်အလက်တွေ ဖလှယ် ခဲ့တဲ့အကြောင်း တရုတ်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။ ရွှေတြိဂံဒေသ မှာ မူးယစ်ရာဇာ တစ်ဦးလို့ လူသိများတဲ့ စိုင်းနော်ခမ်းရဲ့ လက်ထောက်ခေါင်းဆောင် တစ်ဦးဖြစ်ပြီးတော့ စိုင်းနော်ခမ်းကို ဧပြီလနှောင်းပိုင်း လာအိုအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံရအပြီး မေလ (၁၅) ရက်နေ့မှာ အဖွဲ့ဝင် (၁၅) ယောက်နဲ့ တာချီ လိတ်မြို့ မြန်မာစစ်တပ်ထံမှာ လက်နက်ချခဲ့တာ ဖြစ်ပါတယ်။ စိုင်းအောင်မြတ်ကို တရုတ်အစိုးရကနေ အလိုရှိနေ တဲ့အကြောင်းအရင်းကိုတော့ ကျိုင်းတုံမြို့နယ် လုံခြုံရေး အာဏာပိုင်တွေနဲ့ နီးစပ်သူ ဒေသခံတဦးကလည်း အခု လို ပြောပြပါတယ်။

“အောက်တိုဘာလ (၅) ရက်နေ့တုန်းက မဲခေါင်မြစ်ထဲမှာ တရုတ် (၁၃) ဦး အသတ်ခံရတယ်။ အဲဒီ တရုတ် (၁၃) ဦး အသတ်ခံရတာက သူကိုယ်တိုင် ကွင်းဆင်းပြီးတော့မှ စီစဉ်တဲ့သူလို့ ထိုင်း ဘက်က ပြောတယ်လေ။ အဲဒီ စိုင်းအောင်မြတ်က သူကိုယ်တိုင် သေနတ်သမားတွေကို ဦးဆောင်ပြီးတော့မှ အဲဒီတရုတ်ကို သတ်ဖြတ်ခဲ့တာပေါ့။ အဲဒါကြောင့်တရုတ်(၁၃) ဦး သေဆုံးတဲ့ အမှုက သူနဲ့ တိုက်ရိုက် ပက်သက်တယ်။ သူက အားလုံးသိနိုင်တယ် ဆိုပြီးတော့မှ တရုတ်က သူ့ကို အလိုရှိနေတာ။”

စိုင်းအောင်မြတ်ဟာ မြန်မာစစ်တပ်မှာလက်နက်ချခဲ့ပေမဲ့လည်း လက်ရှိမှာတော့ ကျိုင်းတုံ အကျဉ်းထောင်မှာ အကျဉ်းချခံနေရသလို စစ်ဆေးမေးမြန်းတဲ့နေရာမှာ ညှင်းပမ်း နှိပ်စက်ခံနေရ တယ်လို့လည်း အဲဒီဒေသခံကပဲ ဆက် ပြောပါတယ်။

“ဒီစိုင်းအောင်မြတ်ကလည်း မြန်မာအစိုးရနဲ့ ဒီထောက်လှမ်းရေးတွေ၊ စစ်ဆေးတဲ့သူတွေက ရိုက်နှက်ပြီးတော့မှ စစ်ဆေးနေလို့ သူက ၀န်ခံလိုက်ပြီလို့ ပြောတယ်။ ဒါပေမဲ့ သူ့ရဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက အဲဒီလိုမျိုး မတရား အရမ်းရိုက်နှက် စစ်ဆေးလို့ သူက မခံမရပ်နိုင်ဖြစ်လို့ ၀န်ခံလိုက်ရတာတဲ့။ အမှန်တော့ သူက မသိဘူးလို့ အဲဒီလို မျိုး ပြောတယ်။”

တရုတ်လုံခြုံရေး အရာရှိယိုယွဲ့ကျင်း ဦးဆောင်တဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ၊ ရဲချုပ် ဖြိုးဖန်းဒါမားဖုန်းထံ လာရောက်လည် ပတ်ခဲ့စဉ်က ထိုင်းလူမျိုး (၁၃) ဦးကို သတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူလို့ယူဆရတဲ့ စိုင်းအောင်မြတ်ကို မြန်မာ အစိုးရထံမှာ သွားရောက်လွှဲယူမယ်လို့ ပြောဆိုခဲ့ကြောင်း ဇွန်လ (၂၃) ရက်နေ့စွဲနဲ့ ထိုင်းနိုင်ငံထုတ် မတိချွန်း သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလထဲက လောနိုင်ငံမှာအဖမ်းဆီးခံခဲ့ရပြီး တရုတ်အစိုးရထံမှာ လွှဲအပ်ခြင်းခံရတဲ့ ခေါင်းဆောင် ဖြစ်သူ စိုင်းနော်ခမ်းကလည်း ဒီသတ်ဖြတ်မှုမှာ သူ့လက်ချက်ဖြစ်ကြောင်း ၀န်ခံထားတယ်လို့ ထိုင်းသတင်းစာတွေ ကနေ ရေးသားထားပါတယ်။

စိုင်းနော်ခမ်း ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့ဟာ ဦးခွန်ဆာဦးဆောင်တဲ့ မုန်တိုင်းအာမီတပ်ဖွဲ့မှာ ပါဝင်ခဲ့ပြီး (၁၉၉၆) ခုနှစ်မှာ မြန်မာအစိုးရထံ လက်နက်ချခဲ့ပြီးတော့ တာချီလိတ်မြို့နယ် ပြည်သူ့စစ် အဖြစ် ရပ်တည်ခဲ့ပါ တယ်။ ထိုင်းနိုင်ငံအတွင်းမှာ မူးယစ်ဆေးတင်သွင်တဲ့ အမှုတွေနဲ့ ပက်သက်ပြီး စိုင်းနော်ခမ်းတို့အဖွဲ့ရဲ့ လက်ချက် လို့လည်း ထိုင်းအစိုးရကနေ စွပ်စွဲထားပါတယ်

ဘာသာရေးဖိနှိပ်မှု စိုးရိမ်စာရင်းထဲ မြန်မာ ရှိနေဆဲ

ဘာသာရေးဖိနှိပ်မှု၊ စီးပွားရေး၊ အဖိနှိပ်ဆုံး၊ မြန်မာ၊ အမေရိကန်၊ နိုင်ငံခြားရေးဌာန အစီရင်ခံစာ
မြန်မာနိုင်ငံထဲ အစိုးရသစ် တက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု အချို့ရှိပေ မယ့် ဘာသာရေးဖိနှိပ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အစီရင်ခံစာမှာ ဖော်ပြပါတယ်။ နှစ်စဉ် ထုတ်ပြန်နေကျ ဒီ အစီရင်ခံစာ မှာ နိုင်ငံအရပ်ရပ်က ဘာသာရေးလွတ်လပ်ခွင့်အခြေအနေကို ဖော်ပြရာမှာ မြန်မာနိုင်ငံထဲ အထူးသဖြင့် လူနည်းစု ဘာသာ ၀င်တွေဟာ ပစ်မှတ်ထား ဖိနှိပ်မှုခံရနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

ဗုဒ္ဓဘာသာ အများစုရှိတဲ့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ် ထားခြင်းမရှိပေမယ့် ဘာသာ ယုံကြည် ကိုးကွယ်မှု ဓလေ့စရိုက်တွေအပေါ်မှာ အခြေခံပြီး လူမှု အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်မှုတွေ ရှိနေတယ်လို့ အခု အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဘာသာ လူများစုနဲ့ ခရစ်ယာန်၊ မွတ်ဆလင် လူနည်းစုတွေအကြား လူမှုနယ်ပယ်အတွင်း တင်းမာမှုတွေရှိနေတယ် လို့ ထောက်ပြပါတယ်။  အချိန် အတန်ကြာကတည်းက ရှိခဲ့တဲ့ ဘာသာရေး တင်းမာမှုတွေကြောင့် ရုတ်တရက် အကြောင်းတရားတွေကနေ အကြမ်းဖက်မှုတွေအထိ ဖြစ်ခဲ့ရတယ်လို့ အမေရိ ကန် နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး Suzan Johnson Cook က မနေ့က သတင်းစာရှင်းလင်းပွဲ အတွင်းမှာ ပြောသွားပါတယ်။

“ မြန်မာနိုင်ငံထဲ အချိန်အတော်ကြာကြာကတည်းက တအုံနွေးနွေးနဲ့ရှိခဲ့တဲ့ တင်းမာမှုတွေကနေ ပစ်ပယ်ခံနေရတဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ရုတ်ချည်းဆိုသလို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ပါတယ်။”

အစီရင်ခံစာထဲမှာတော့ လူနည်းစု ဘာသာဝင်တွေကို ခွဲခြားဆက်ဆံမှုတွေရှိသလို လူနည်းစု လူမျိုးတွေရဲ့ ယုံကြည်ကိုးကွယ်မှုတွေ အပေါ်မှာလည်း စည်းမျဉ်း တင်းကြပ်မှုတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အစိုးရသစ်လက်ထက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ရှိလာပေမဲ့ ဘာသာရေးအရ ထုတ်ဝေမှုတွေကိုတော့ သာသနာရေးဝန်ကြီးဌာနက ချုပ်ကိုင်ထား ဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ Bible ကျမ်းစာ၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ Qur’an ကျမ်းစာ ထုတ်ဝေမှုတွေမှာ ကန့်သတ်မှုတွေ ခံနေရတယ် လို့ ထောက်ပြပါတယ်။ ဒီလို ဘာသာရေး ဖိနှိပ်မှုတွေကြောင့်ပဲ မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ Country of Particular Concern (CPC) အထူး စိုးရိမ်ရတဲ့ နိုင်ငံစာရင်းထဲမှာ ၁၉၉၉ ခုနှစ်ကတည်းက သတ်မှတ်ထည့်သွင်းထားတယ်လို့ ဖော်ပြပါတယ်။ အခု အစိုးရသစ် တက်လာပြီး နိုင်ငံရေးနဲ့ စီးပွားရေးအပြောင်းအလဲတွေ ရှိနေပေမဲ့  ဘာသာရေး လွတ်လပ်ခွင့် အခြေအနေ ကတော့ ထူးမခြားနားရှိနေဆဲပဲလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဆလိုင်းဘွေလျှမ်းက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“တလျှောက်လုံးပေါ့နော်။ အဲဒီ မဆလ ခေတ်ကတည်းက ကျမ်းစာအုပ်တွေကို ချင်းဘာသာနဲ့ သော်လည်းကောင်း ထုတ်ဝေခွင့် မရှိခဲ့ပါဘူး။ ဒါတင်မကဘူး၊ ခရစ်ယာန်ဘာသာရဲ့ အရေးကြီး အဓိက အခန်းကဏ္ဍမှာပါတဲ့ လက်ဝါးကပ်တိုင်ပေါ့နော်- အဲဒီ လက်ဝါးကပ်တိုင်တွေကို ဖျက်ဆီး တာ တော်တော်လေး တွေ့ရတယ်။ အစိုးရအသစ်တက်လာပြီးတဲ့နောက်ပိုင်း ချင်းပြည်နယ်တောင် ပိုင်း၊ မင်းတပ်မှာလည်း ဖျက်တယ်။ ကန်ပက်လက်မြို့နယ်မှာလည်း ဖျက်တယ်၊ ပြီးတော့ ချင်းပြည် နယ်မြို့တော် ဟားခါးမှာလည်း ဖျက်ဆီးတာတွေ တွေ့ရတယ်။

ဆိုတော့ အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်း ဘာသာရေးလွတ်လပ်ခွင့်နဲ့ တိုးတက်မှု မရှိဘူးပေါ့နော်။ စိုးရိမ်စရာတောင် ပိုကောင်းသလားလို့ ကျနော်တို့ တွေ့နေရတဲ့အချက်တွေ ရှိတယ်။”
အခုလိုမျိုး လူနည်းစု ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အခုလို ဖိနှိပ်ခံရတဲ့ ပြဿနာက အစိုးရထဲမှာ ဒါမှ မဟုတ် နိုင်ငံတော်မှာရှိတဲ့ စံနစ်ကြောင့်လို့ပဲ ယူဆသလား၊ လူမှုအဖွဲ့အစည်းထဲ မှာကိုက ဖြစ်နေတာလား၊ ဘယ်လိုမြင်ရသလဲခင်ဗျ။

“အရေးကြီးတယ်လို့ ကျနော်ထင်တာက ကမ္ဘာမှာကြည့်လို့ရှိရင် ဘာသာရေးအခြေခံ မဟုတ်တဲ့ ဒီမိုကရေစီတိုင်းပြည်တွေမှာ သာသနာရေး ဝန်ကြီး ဌာနတွေမှာ ကျနော်တို့ မတွေ့ရှိဘူးပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်မှာက ထူးထူးခြားခြား သာသနာရေးဝန်ကြီးဌာနက အဓိက အခန်း ကဏ္ဍမှာ ပါဝင်နေတယ်။ ဆိုတော့ ကျနော်တို့ လူနည်းစုဘာသာ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ တခြားဘာသာ အမြင်နဲ့ပဲဖြစ်ဖြစ် ပြောရလို့ရှိရင် အဲဒီ သာသာနာရေးဝန်ကြီးဌာနဟာ လူနည်းစုတွေကို ဖိနှိပ်ဖို့နဲ့ အများစု ဘာသာကို ပံ့ပိုး အားပေးပြီးတော့ မြှောက်ပင့်တဲ့ဌာနလို့ပဲ ကျနော်တို့ တွေ့မြင်နေရပါတယ်။”

မြန်မာနိုင်ငံထဲ အခြားလူနည်းစု ဘာသာဝင်တွေတင် မဟုတ်ပါဘူး။ လူများစု ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာထဲမှာ မတူကွဲပြားတဲ့ အမြင်တွေ၊ အယူအဆတွေအပေါ် ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုတွေ ရှိနေတုန်းပဲလို့ အခု နိုင်ငံခြားရေးဌာနရဲ့ ဘာသာရေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေးအရ စိုးရိမ်ချက်တွေနဲ့ ဗုဒ္ဓဘာသာအပေါ်မှာလည်း ဖိနှိပ်မှုတွေရှိနေတဲ့အကြောင်း သံဃာ့တပ်ပေါင်းစု ပြည်ပ တာဝန်ခံ အရှင်ပညာဇောတကလည်း မိန့်ပါတယ်။
“သံဃာတော်တွေကို သင်္ကန်းတွေ အတင်းဆွဲချွတ်ပြီးတော့ ထောင်ထဲ အထည့်ခံရတာမျိုးတွေ ရှိပါတယ်။ နောက်ပြီးတော့ တရားဟောခွင့် ပိတ်ပင်တာမျိုးတွေလည်း ရှိပါတယ်။ ဥပမာ သာဓု ကျောင်းဆရာတော်ကို တရားဟောခွင့် ပိတ်တာတွေ ရှိတယ်။ နောက် ဒယ်အိုးဆရာတော်ကို တရားဟောခွင့် ပိတ်တာမျိုးတွေ ရှိပါတယ်။”

အစိုးရသစ်တက်လာပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တဲ့အထဲမှာလည်း ရဟန်း၊ သံဃာတော် အတော်များများ ပါလာတယ်လို့ သိရပါတယ် ဘုရား။ အဲဒီတော့ အစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာရော- အခုနကလို အလားတူ အခြေအနေက ပြောင်းလဲလာပါသလား။

“သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲတာမျိုး မရှိပါဘူး။ ဥပမာ တချို့ကျောင်းတွေ ဆိုရင် ထောင်က လွတ်လာတဲ့ သံဃာတွေကို လက်မခံရဲ အောင်၊ လက်မခံနိုင်အောင်ပေါ့။ တိုက်ရိုက်ကြီး မဟုတ်ရင်တောင်မှ သွယ်ဝိုက်ပြီး ဖိအားတွေ ပေးတာမျိုးတွေ လုပ်လာတယ်။ နောက်တခါ ထောင်ထဲ မှာလည်း သံဃာတော်တွေ အများကြီး ကျန်ပါသေးတယ်။ အခုဆိုရင် ထောင်ထဲမှာ သံဃာတော်တွေ အပါး ၆၀-၇၀ လောက် ရှိနေသေးတယ်။ တချို့သံဃာတွေကို ဘာသာရေး ပုဒ်မတွေနဲ့၊ သာသနာညှိုးနွမ်း ဆိုပြီး ဖမ်းပြီး ဥပဒေတွေ ထုတ်ပြီး ထည့်ထားတဲ့ သံဃာတော်တွေ အများကြီးပါ။”

အစီရင်ခံစာထဲမှာတော့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အပြုသဘောဆောင် တိုးတက် လာတဲ့အချက်တွေကိုလည်း ထည့်သွင်း ဖော်ပြပါတယ်။ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ဆန္ဒပြနိုင်တဲ့ ဥပဒေကို နှစ်ပေါင်းများစွာအတွင်း လွှတ်တော်ကနေ အတည်ပြု ပြဌာန်း လိုက်တာကို ချီးကျူး ထားပါတယ်။ အရင်တုန်းက ခရစ်ယာန်ဘုရားကျောင်းအချို့ ဆောက်လုပ်ရေး ပိတ်ပင်ခံရမှုအချို့ကို သာသနာရေး ၀န်ကြီးဌာနက ဖြေလျော့ပေးလာတာတွေရှိသလို နိုင်ငံအ၀ှမ်းမှာ မတူညီတဲ့ ဘာသာ အယူအဆတွေအကြား ဆက်စပ်ဆွေးနွေးမှုတွေ လုပ်ပေးတာတွေရှိတယ်လို့ ဖော်ပြပါတယ်။

လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်


မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှဲဘိန်းရွာမှာ ဒေသခံ လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ဒေသခံ ခြေမြန်တပ်ရင်း ၁၄၈ က ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကစပြီး အပြင်မထွက်ရအမိန့်  ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
တောင်သူ လယ်သမားတွေရဲ့ အခက်အခဲကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့  တာဝန်ခံတွေက အဲဒီ ခမရ ၁၄၈ က မြေသိမ်းယူခံထားရတဲ့ လယ်ပိုင်ရှင် ဒေသခံ လယ်သမားတွေနဲ့ တွေဆုံဆွေးနွေးတဲ့ နေ့မှာပဲ အခုလို ထုတ်ပြန်လိုက်တာလို့  ကျောက်လှဲဘိန်းရွာက လယ်သမားကြီး ဦးဝင်းကြိုင်က ပြောပါတယ် ။
"ကျွန်တော်တို့ ကျောက်လှဲဘိန်းရွာမှာ ၁၄၄ ကို ၂၆ ရက်နေ့က ထုတ်ပါတယ်ခင်ဗျ။ သူတို့ ပိတ်ထားတဲ့ လယ်တွေ ကျွန်တော်တို့က လုပ်မလို့ လုပ်တဲ့အခါကျတော့ ၁၄၄ အမိန့်ထုတ်တယ်။ တောထဲကို နေ့လည်နေ့ခင်း မြစ်မချိုးရဘူး။ ဝါးမခုတ်ရဘူး။ အဲတာတွေ ပိတ်ပင်တားမြစ်တယ်ဗျ။ သူတို့က ပစ်မယ်၊ ခတ်မယ်ပေါ့။ အဲဒီလိုမျိုး။ ကျွန်တော်တို့ရဲ့ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတယ်ခင်ဗျ"
ကျောက်လှဲဘိန်းရွာ လယ်သမားတွေ ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေ ဧက ၃၀၀ ကျော်ကို ခမရ ၁၄၈ က ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ သိမ်းယူခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက် ဒေသခံတောင်သူတွေကို တစ်ဧကကို စပါး ၁၄ တင်းနှုန်းနဲ့ သီးစားပြန်ချပေးခဲ့တဲ့ အတွက် လယ်သမားတွေက သီးစားခနဲ့  မိမိတို့ လယ်တွေမှာ ဆက်လက် လုပ်ကိုင်ခဲ့တယ်လို့  ဆိုပါတယ်။
ဒါပေမဲ့ ဒီနှစ် မိုးရာသီမှာတော့ တပ်က လုံးဝ လုပ်ကိုင်ခွင့် မပေးတော့ဘူးလို့ လယ်သမားတွေအရေး လိုက်ပါကူညီပေးနေတဲ့ သပိတ်ကျင်း NLD အဖွဲ့ ဝင် ကိုအေးသိန်းက ပြောပါတယ်။
"၂၆ ရက်နေ့က ကျွန်တော်တို့ ကျောက်လှဲဘိန်းရွာကို သွားကြပါတယ်။ အဲတာ တရားဥပဒေနဲ့အညီ တင်မယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်မယ်ဆိုပြီးတော့မှ လက်မှတ်တွေထိုးကြတယ်။ ၅ နာရီခွဲ အချိန်မှာ ခမရ ၁၄၈ ကနေပြီးတော့မှ ၁၄၄ အမိန့်ထုတ်လိုက်ပါတယ်။ လယ်တွေ၊ ယာတွေ၊ မြေတွေအသိမ်းခံလိုက်ရပြီးတော့မှ လယ်မဲ့ ယာမဲ့ ဖြစ်နေတဲ့ လယ်သမားကြီးတွေက အခု မြစ်ချိုးစားရတယ်ဗျာ။ ဝါးခုတ်စားရတယ်ဗျာ။ အဲဒီ ၁၄၄ အမိန့်ထဲမှာ နေ့လည်ခင်းကြီးတောင်မှ၊ မြင်သာထင်သာ ရှိတဲ့ အချိန်တောင်မှ ဝါးမခုတ်ရ၊ မြစ်မချိုးရဆိုတဲ့ အမိန့်ထုတ်လိုက်တဲ့ အခါမှာ တစ်ရွာလုံးက ထမင်းချက်ဖို့ တောင်ခက်သလိုနေပြီ အခုဟာက"
ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်နဲ့ အစိုးရ ၀န်ကြီးအဖွဲ့ နဲ့  ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ အစည်းထံကို တင်ပြမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီပြောကြား

မြန်မာနိုင်ငံက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူးသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဆိုတာလည်း မရှိဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ကိုလိုနီ အင်္ဂလိပ်အစိုးရ လက်ထက်ကစလို့ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တွေမှာ ကောက်ယူခဲ့တဲ့ သန်းခေါင်း စာရင်းတွေအရ ရိုဟင်ဂျာလူမျိုးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အဦးဟောင်းမှာ ဒီကနေ့ ကျင်းပတဲ့ ရခိုင်ဒေသ အရေးနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီး ဦးခင်ရီက အခုလို ပြောကြားခဲ့တာပါ။
ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသား လူမျိုးမဟုတ်ဘူးဆိုတာ သမ္မတ ဦးသိန်းစိန်လည်း အခိုင်အမာ ပြောဆိုထားပြီး ဖြစ်တယ်လို့ ဦးခင်ရီက ပြောပါတယ်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့တဲ့ ၁၈၂၄ ခုနှစ် နောက်ပိုင်း ရခိုင်ဒေသဟာ အင်္ဂလိပ် ကိုလိုနီဘ၀ လက်အောက်ကို ရောက်ရှိသွားပြီး လယ်ယာလုပ်သား လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ တဖက်နိုင်ငံကနေ ဘင်္ဂါလီ လူမျိုးတွေကို ခေါ်ယူခဲ့ရခြင်းသာ ဖြစ်တယ်လို့လည်း ဦးခင်ရီက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ ပြည်ထောင်စု ၀န်ကြီး ငါးဦးတို့ ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့မှာ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက- ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ပတ်သက်ပြီး သေဆုံးသူ ၇၇ ဦး ရှိကြောင်း၊ ရခိုင်လူမျိုး ၃၁ ဦး၊ ဘင်္ဂါလီလူမျိုး ၄၆ ဦးဖြစ်ကြောင်း၊ လက်ရှိ ဒုက္ခသည်ဦးရေ စုစုပေါင်း ၆ သောင်းကျော် ရှိပြီး ရခိုင် တိုင်းရင်းသား လူမျိုး ၈ ထောင်ကျော်၊နဲ့ ဘင်္ဂါလီလူမျိုး ၅ သောင်းကျော်ရှိကြောင်း ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
အဆိုပါ အရေးအခင်းတွေမှာ ပါဝင်ပတ်သက်မှုအတွက် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း (INGO) များမှ ၀န်ထမ်း ၁၀ ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး တစ်ဦးကို စစ်ဆေးပြီးနောက် ပြန်လည် လွှတ်ပေးလိုက်ကြောင်း၊ ပဋိပက္ခတွင် ပါဝင် ပတ်သက်၍ ဖမ်းဆီးခံရသော INGO များမှာ UNHCR မှ ငါးဦး၊ AZG မှတစ်ဦးနှင့် WFP မှတစ်ဦးတို့ ဖြစ်ကြောင်း AZG မှဝန်ထမ်းကို ဖမ်းဆီး စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများတွင် INGO များမှ တချို့ပါဝင်ပတ်သက်မှုများ ရှိခြင်းကြောင့် ဖမ်းဆီးမှုများ ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အစိုးရက ယခုသတင်းစာ ရှင်းလင်းပွဲတွင်မှ တရားဝင် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
ပါကစ္စတန် အခြေစိုက် တာလီဘန်အဖွဲ့က မြန်မာနိုင်ငံကို ခြိမ်းခြောက်ခဲ့မှုများ ပြည်ပ မီဒီယာများတွင် ဖော်ပြခဲ့ပြီး ပြည်သူများက စိုးရိမ် ပူပန်မှုများ ရှိနေတာကြောင့် နယ်စပ်နှင့် ပြည်တွင်း လုံခြုံရေးနှင့် ပတ်သက်၍ နယ်စပ်ရေးရာနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မေးမြန်းရာ “လုံခြုံရေး အပြည့်အ၀ ရှိပါတယ်”ဟု ဖြေကြားကြောင်းလည်း သိရပါတယ်။
ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီနဲ့ အတူ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ သံရုံးများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။

Friday, July 13, 2012

ကုလ၀န်ထမ်း (၃) ဦး မြန်မာအာဏာပိုင်က တရားစွဲဆို


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း အထိန်းသိမ်းခံခဲ့ရတဲ့ ကုလသမဂ္ဂ၀န်ထမ်း (၁၀) ယောက်ထဲက အနည်းဆုံး (၃) ယောက်ကို မြန်မာ အာဏာပိုင်တွေက တရားစွဲဆိုလိုက်ကြောင်း ကုလသမဂ္ဂက မနေ့က ပြောလိုက်ပါတယ်။
တရားစွဲဆိုခံရသူ (၃) ယောက်လုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၀န်ထမ်းတွေ ဖြစ်ပါတယ်။
သူတို့ကို ဘာပြစ်မှုနဲ့ တရားစွဲတာလည်း ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ (UNHCR) ရဲ့ ပြောခွင့်ရ အမျိုးသမီး Melissa Fleming က ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ UNHCR ၀န်ထမ်းတွေကို ဘာပြစ်မှုနဲ့ ထိန်းသိမ်းခဲ့သလဲဆိုတာ သိရဖို့ ထိန်းသိမ်းခံရသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့ ပန်ကြားခဲ့ပေမဲ့ အခုထိ အကြောင်း မထူးသေးဘူးလို့ သိရပါတယ်။
ကျန်တဲ့ ထိန်းသိမ်းခံ ကုလသမဂ္ဂ ၀န်ထမ်းတွေထဲမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO ၀န်ထမ်း (၃) ယောက်နဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MDF က ၀န်ထမ်း (၄) ယောက် ပါဝင်ပါတယ်။ သူတို့ကိုလည်း တရားစွဲဆို ထားသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
RFA

သမ္မတ ဦးသိန်းစိန် အမေရိကန် ထိပ်တန်း စီးပွားရေး ခေါင်းဆောင်များနှင့်တွေ့ဆုံ


ဇူလိုင်လ ၁၃ ရက်နေ့က ကမ္ဘောဒီယားနိုင်ငံ ဆီရမ်ရိတွင် ကျင်းပသော အမေရိကန်-အာဆီယံ စီပွားရေး ဖိုရမ်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတည်ရှိပုံ၏ မဟာဗျူဟာမြောက် ပထ၀ီအနေအထားနှင့် တရုတ်၊ အိန္ဒိယ အင်အားကြီးနိုင်ငံနှစ်ခုအကြား သယံဇာတ အရင်းအမြစ်ပေါများသော်လည်း ဖွံ့ဖြို့မှုနောက်ကျနေကြောင်း ပြောကြားခဲ့သည်။
ထို့အတူ ရာစုနှစ်ဝက်ခန့် ကျင့်သုံးခဲ့သော ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်အောက်မှ ရုန်းထွက်၍ ဒီမိုကရေစီစနစ် ကူးပြောင်းရန် ပြုပြင်ပြောင်းလဲမှုများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ မတူတာတွေ ဘေးဖယ်၍ တူတာတွေ လက်တွဲလုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းများ၊ ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ဟု မှတ်ယူနိုင်သော ပဋိပက္ခများမှာ မိမိတို့ နိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 
ထို့အပြင် နိုင်ငံသစ်တည်ဆောက်ချိန်တွင် ပိတ်ဆို့ အရေးယူမှုများကြောင့် ကမ္ဘာ့ဘဏ်၊ IMF၊ ADBနှင့် UNDP တို့ထံမှ အကူအညီ မရနိုင်သော အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ပြည်သူများ အကျိုးစီးပွားအတွက် ကမ္ဘာ့နိုင်ငံများထံမှ အတတ်ပညာများ သင်ယူပြီ စီးပွားရေး ဆက်သွယ်ဆောက်ရွက်ရန် ဆန္ဒရှိသော်လည်း ပိတ်ဆို့ အရေးယူမှုများ ကန့်သတ်ထားဆဲ၊ အခက်အခဲ ကြုံနေရဆဲ ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။ 
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျကျန်နေကြောင်း အာရှမှ မိတ်ဆွေနိုင်ငံများက အလေးထား အသိအမှတ်ပြု ခံရမည့် ဖွံ့ဖြိုးသော ဒီမိုကရေစီ နိုင်ငံအဖြစ် ရောက်ရှိအောင် ကြိုးစား ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြာခဲ့သည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုကို ဂျပန်နည်းပညာက အထောက်အကူပြုလိမ့်မည်ပာု မြန်မာဝန်ကြီးပြောကြား

တိုကျိုမြို့ အသေးစားစက်ရုံတစ်ခုသို့လာရောက်လည်ပတ်သော မြန်မာစီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ၎င်းအနေနှင့် ဂျပန်နိုင်ငံ၏ နည်းပညာကို နှစ်သက်ချီးကျူးကြောင်းနှင့် ယင်းကဲ့သို့သော လုပ်ငန်းငယ်များသည် မြန်မာ့စီးပွားရေးဖွံ့ဖြိုးအောင်မောင်းနှင်ရာတွင် အထောက်အကူ ပြုနိုင်ကြောင်း ပြောဆိုလိုက်သည်။

“ ကျွန်တော်တို့ကို ဂျပန်နည်းပညာနဲ့ လုပ်နည်းကိုင်နည်းတွေ သင်ကြားပေးဖို့အခွင့်အလမ်းကို ခင်ဗျားတို့ ရယူဖမ်းဆုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ပာု ဦးဝင်းမြင့်က တိုကျိုမြို့စက်ရုံငယ်များတည်ရှိရာ အိုတာရပ်ကွက်ရှိ ခွဲစိတ်လေ့ကျင့်သင်တန်းသုံးပစ္စည်းများထုတ်လုပ်သော EMB Crop သို့ တနလာင်္နေ့တွင် လာရောက်လည်ပတ်ပြီးနောက် သတင်းထောက်များအား ပြောကြားခြင်းဖြစ်သည်။

အင်္ဂါနေ့တွင် တိုကျိုမြို့နှင့် ကြာသပတေးနေ့တွင် အိုဆာကာတို့၌ စီးပွားရေးဆွေးနွေးပွဲများတက်ရောက်ရန် ဂျပန်နိုင်ငံသို့ရောက်ရှိလာသော ဝန်ကြီးဦးဝင်းမြင့်နှင့်အတူ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၂၅ ဦးလိုက်ပါလာသည်ပာု သိရသည်။

၂၀၀၆ ခုနှစ်တွင် ပတ်ယွန်ကွမ်က ချေးငွေဖြင့်စတင်ထူထောင်ခဲ့သော EBM Corp သည် အိုတာရပ်ကွက်၌ အခြားစက်ရုံငယ် ၄၅ ခုအကြားရှိ အဆောက်အဦးတစ်ခုတွင် တည်ရှိသည်။ ပတ်ယွန်ကွမ်က ၎င်း၏ စက်ရုံထုတ် ဆေးပစ္စည်းကိရိယာများကို ဂျပန်နိုင်ငံရှိ ဆေးရုံပေါင်း ၁၀၀ ခန့်တွင် အသုံးပြုနေကြပြီး၊ အမေရိကန်၊ တရုတ်နှင့် ဂျာမဏီကဲ့သို့ နိုင်ငံများသို့လည်း တင်ပို့ရောင်းချနေသည်ပာု ပြောကြားသည်။

“ဒီလိုနေရာ ကျဉ်းကျဉ်းလေးမှာ ငွေအရင်းအနှီးနည်းနည်းနဲ့ ဒီလိုထုတ်လုပ်ရေးလုပ်ငန်းတွေ လည်ပတ်နေတာကို ကျွန်တော်အထင်ကြီး လေးစားမိပါတယ်။ ဒီလိုတိုက်ခန်းပုံစံစက်ရုံမျိုးပာာ မြေကွက်တန်ဖိုးဈေးကြီးတဲ့ မြန်မာနိုင်ငံအတွင်း အသုံးတည့်ပါတယ်။ အလားတူစနစ်ပုံစံမျိုး ထူထောင်ရာမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို တခြားဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးနိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်”ပာု ဦးဝင်းမြင့်က ဆိုသည်။

ထို့ပြင် ဦးဝင်းမြင့်က “ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်တဲ့ အလတ်စား၊ အသေးစားကုမ္ပဏီတွေက ကုမ္ပဏီကြီးတွေရဲ့ ထုတ်လုပ်မှုကို အထောက်အကူပေးနေတယ်ဆိုတာကိုသိရတာ အလွန်အသုံးဝင်ပါတယ်”ပာု ဆက်လက်ပြောကြားသည်။

အထက်ပါစက်ရုံသို့ ဦးဝင်းမြင့်ရောက်ရှိစဉ်အတွင်း ပတ်ယွန်ကွမ်၏ညွှန်ပြမှုဖြင့် နှလုံးခွဲစိတ်မှု(heart bypass surgery) လေ့ကျင့်ရာတွင်အသုံးပြုသော Simulator ကို လက်တွေ့ကိုင်တွယ်ခွင့်ရရှိခဲ့သည်။

ပတ်ယွန်ကွမ်က “၎င်းကဲ့သို့ စက်ရုံငယ်များ၏ အားသာချက်မှာ ခွဲစိတ်ဆရာဝန်များ၏ လိုအပ်ချက်နှင့်ကိုက်ညီသော ကိရိယာကို လျင်မြန်စွာ ထုတ်လုပ်ပေးနိုင်ခြင်းပင်ဖြစ်ပြီး၊ မြန်မာတို့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်”ပာု ပြောကြားသည်။

ဦးဝင်းမြင့်သည် အဆိုပါ စက်ရုံခရီးစဉ်အပြီးတွင် ဂျပန်နိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ တာဒါရှီကာမူရာနှင့် ဆက်လက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုကို အားပေးရန်အတွက် ဂျပန်ကုန်သည်ကြီးများအသင်း၏ အကူအညီကို တောင်းခံခဲ့သည်ပာု သိရသည်။

“မြန်မာနိုင်ငံသည် အခွန်နှုန်းထား၊ နိုင်ငံခြားငွေလဲနှုန်း၊ အစိုးရစည်းမျဉ်း၊ စည်းကမ်းများ စသော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ နယ်ပယ်များကို တိုးတက်အောင်ကြိုးပမ်းလျက်ရှိပြီး လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုလည်း စတင်လည်ပတ်ဆောင်ရွက်နေသည်”ပာု ဦးဝင်းမြင့်က အိုကာမူရာအား ပြောကြားသည်။

အိုကာမူရာကလည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအရှိန်ရလာလိမ့်မည်ပာုမျှော်လင့်ကြောင်းနှင့် ဂျပန်အသေးစားနှင့် အလတ်စားကုမ္ပဏီများ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံကြအောင် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

စက်တင်ဘာလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့စေလွှတ်မည်ပာု ဂျပန်ကုန်သည်ကြီးများအသင်းက ထုတ်ပြန် ကြေညာထားသည်။
yangonchronicle

သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီး Clinton တွေ့ဆုံမည်


အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရချမှတ်ထားတဲ့ အရေးယူ တားဆီးပိတ်ဆို့မှုတွေ ကို ပြန်လည် ရုပ်သိမ်းပေးလိုက်ပြီးတဲ့နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဟာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ အခုသတင်းပတ်နှောင်းပိုင်းမှာ တွေ့ဆုံကြဖို့ စီစဉ်ထားပါတယ်။
တွေ့ဆုံမှုကို သောကြာနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးက VOA ကိုပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ညီလာခံရဲ့ပြင်ပမှာ အလွတ် သဘော တွေ့ဆုံကြမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဝန်ကြီးကလင်တန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံကို ထူးခြားအရေးပါတဲ့ ခရီးစဉ်တခု အဖြစ် သွားရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို မနေ့က ရုပ်သိမ်းလိုက်ပြီး ၁၅ နှစ်အတွင်း ပထဆုံးအကြိမ်အဖြစ် အမေရိကန် ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ သွားရောက်ရင်းနှီး မြှုပ်နှံဖို့ ခွင့်ပြုလိုက်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံက အရပ်သားအစိုးရရဲ့ အရေးပါတဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေ ပြုလုပ်ခဲ့ တဲ့အပေါ်မှာ မူတည်ပြီး ပြန်လည်တုံ့ပြန် လုပ်ဆောင်တာဖြစ်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် က ပြောပါတယ်။
VOA

မြောက်ဦးလူထု အာဏာပိုင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဒု ဥက္ကဋ္ဌ ဖြစ်သူ ဦးအေးမောင်သန်းနဲ့ ပါတီဝင်တစ်ဦးဖြစ်သူ ဦးဘတင်တို့ကို မနေ့က ဇွန်လ (၁၂) ရက်နေ့ ညနေပိုင်းက စစ်တပ်နဲ့ ရဲက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ဖမ်းဆီးခံရသူ (၂) ဦးက မြောက်ဦးမြို့၊ ကျောက်ရစ်ကေ ရပ်ကွက်ရှိ ဦးကျော်ဝင်း ဆန်စက်ကို သွားရောက်ပြီး ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်လူမျိုးတွေ ပဋိပက္ခတွေ ဖြစ်နေတဲ့ကာလမို့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို စပါးကြိတ်မပေးဖို့ ပြောဆိုခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဆန်စက်ပိုင်ရှင်က စစ်တပ် အာဏာပိုင်တွေဆီ သွားတိုင်တဲ့အတွက် စစ်တပ်နဲ့ ရဲက လာရောက် ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မြို့နယ် ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးထွန်းလှိုင်က ပြောပါတယ်။
ပါတီဒု ဥက္ကဋ္ဌ ဦးအေးမောင်သန်းနဲ့ ပါတီဝင် ဦးဘတင် တို့ကို စစ်တပ်နဲ့ ရဲက နေအိမ်ကနေ ဖမ်းဆီးနေဆဲ ကာလမှာ မြောက်ဦးမြို့လယ်၊ တောင်ရပ်လေးခွဆုံ အနီးမှာ မြို့ခံ လူထု ၃ - ၄ ရာ လောက်က လှုပ်ရွ အုံကြွလာခဲ့ရာ၊ စစ်သား(၂၀)လောက် ရောက်ရှိလာပြီး သေနတ်တွေ အသင့်ပြင်တဲ့ အနေအထားမျိုး ရောက်တော့မှ လူစုကွဲ သွားခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီနောက် မြို့ခံလူစုဟာ မြောက်ဦးမြို့ပြင်မှာ တည်ရှိတဲ့ နာရေးကူညီမှု အသင်းရုံးအနီးမှာ ပြန်လည်စုရုံးခဲ့ကြပြီး ဖမ်းဆီးထားသူ ၂ ဦးကို ထိန်းသိမ်းထားတဲ့ မြို့နယ် ရဲစခန်းရှေ့ကို ဆက်လက် ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဦးအေးမောင်သန်းနဲ့ ဦးဘတင်တို့ကိုတော့ ပါတီတာဝန်ရှိသူတွေ၊ မြို့ပေါ် ရဟန်းသံဃာတွေ၊ မြို့မိမြို့ဖတွေနဲ့ ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီးနောက် ည ၈ နာရီ ၁၅ မိနစ်မှာ အာဏာပိုင်တွေက ပြန်လွှတ် ပေးခဲ့တယ်လို့ သိရပါတယ်။

RFA

"ဘင်္ဂါလီများကိစ္စနှင့်ပတ်သက်၍ သမ္မတက UNHCRသို့ပြောကြား"


နေပြည်တော် ဇူလိုင် ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နေပြည်တော်၌ ရောက်ရှိနေသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ကချင်ပြည်နယ်ရှိ စစ်ဘေးသင့်ပြည်သူများ အရေးကိစ္စ၊ ကရင်ပြည်နယ်ရှိ ရွှေ့ပြောင်းပြည်သူများ မိမိဆန္ဒအလျောက် ပြန်လာရေးကိစ္စနှင့် ရခိုင်ပြည်နယ် အရေးကိစ္စတို့ကို ဆွေးနွးခဲ့ကြသည်။ နိုင်ငံတော်သမ္မတကြီးက သမိုင်းကြောင်းအရ ဘင်္ဂါလီများ ဝင်ရောက်လာသည်မှာ (၁၉၄၈) ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်ဂလိပ်နယ်ချဲ့များက လယ်ယာ လုပ်ကိုင်ရန် ခေါ်သွင်းလာခြင်းဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချနေထိုင်သူများလည်းရှိကြောင်း၊ မိမိတို့ ဥပဒေအရ (၁၉၄၈) ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် (၁၉၄၈) ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက်ရှိကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ ဤကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတိုင်းရင်းသား များကို တာဝန်ယူမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCRသို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း၊ ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးအားလည်း ရခိုင်ပြည်နယ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် တိုင်ပင်ညှိနှိုင်းလျက် ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။





(နိုင်ငံတော် သမ္မတရုံး)

ဒ်ါအောင်ဆန်းစုကြည်က "လွှတ်တော်က ဆုံးဖြတ်သည့်ကိစ္စဖြစ်သည့်အတွက် လွှတ်တော်မှ မည်သို့ ဆက်လက်ဆောင်ရွက်မည်ဆိုသည်ကို စောင့်ကြည့်သွားမည်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို၊ မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို ရှမ်းပြည်နယ် ကွမ်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ အရေးကြီးအဆိုအဖြစ် ကြားဖြတ်တင်သွင်းခဲ့သည်။ 

၎င်းအဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဌေးမြင့်၊ ဦးဝင်းသန်း၊ ဒေါ်ခင်စောဝေ၊ ဦးနိုင်ငံလင်း၊ ဦးစိန်ဝင်း၊ ဦးကြည်မြင့်တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ၀င်ရောက်ဆွေးနွေးပေးမှုဖြင့် ဒေါ်နန်းဝါနု၏ အဆိုကို လွှတ်တော်မှ သဘောတူညီခဲ့သည်။

အဆိုပါအဆိုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား Eleven Media Group က မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က "လွှတ်တော်က ဆုံးဖြတ်သည့်ကိစ္စဖြစ်သည့်အတွက် လွှတ်တော်မှ မည်သို့ ဆက်လက်ဆောင်ရွက်မည်ဆိုသည်ကို စောင့်ကြည့်သွားမည်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

Thursday, July 12, 2012

စစ်တပ်ရဲ့ပါဝင်မှုကို လျော့ချသွားမှာ ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

ဒီမိုကရေစီနိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲနေတဲ့အတွက် နိုင်ငံရဲ့အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်ရဲ့ပါဝင်မှုကို လျော့ချသွားမှာ ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ဇူလိုင်လ (၁၁)ရက်နေ့က ပြောကြားလိုက်ပါတယ်။ စစ်တပ်ဟာ နိုင်ငံရဲ့အနာဂတ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေမှာဖြစ်ပေမယ့် အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာမှာတော့ ပါဝင်တော့မှာ မဟုတ် ကြောင်း စကာင်္ပူနိုင်ငံထုတ် The Straits Time သတင်းစာနဲ့ တွေ့ဆုံမေးမြန်ခန်းမှာ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။ အခုလိုအချိန်မျိုးမှာ တပ်မတော်ကို နောက်ချန်မထားဖို့ အရေးကြီးကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်တွင်းမှာဘဲ အကန့်အသတ်နဲ့ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍရှိပေမယ့် အစိုးရရဲ့ မူဝါဒတွေနဲ့ ပက်သက်လို့ တိုက်ရိုက် ပါဝင် ပက်သက်မှာ မဟုတ်ကြောင်း ဦးသိန်း စိန်က ပြောဆိုသွားပါတယ်။

Passport စာအုပ် ကန့်သတ်ခံထားရဟု ကိုကိုကြီး ပြော(HUMAN RIGHT?)

(လင်းသန့် ရေးသားပေးပို့သည်)

“---မပေးဘူးဆိုရင်လည်း ထောင်ထွက် နိုင်ငံရေး အကျဉ်းသား ဟောင်းများကို နိုင်ငံကူး လက်မှတ် ထုတ်ပေးမည် မဟုတ်ပါလို့ တိတိကျကျ ဥပဒေတွေ ပြဌာန်းပေးသင့်တယ်လို့ ကျနော်မြင်တယ်။ အဲဒါဆိုရင် ကျနော်တို့လည်း ဘယ်လို မှ လျှောက်ထားစရာ မလိုတော့ဘူး---”

နိုင်ငံကူးလက်မှတ် လျှောက်ထားမှုတွင် သာမန် နိုင်ငံသားများနှင့် မတူဘဲ နိုင်ငံရေး အကျဉ်းသားဟောင်းများမှာ လုပ်ထုံး လုပ်နည်း ခက်ခဲမူများ ရှိနေပြီး ခွဲခြား ဆက်ဆံခံနေရသည့်အတွက် ဥပဒေသည် တသမတ်တည်း ဖြစ်သင့်ကြောင်း ၈၈ မျိုး ဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောကြားလိုက်သည်။

“ပြန်လွတ်လာတဲ့အချိန်မှာလည်း နိုင်ငံသား တယောက်ရဲ့ အခွင့်အရေးတွေ၊ ဥပမာ ပြည်ပ ခရီးသွား လာခွင့်နဲ့ ပတ်သက်ပြီး တော့ ပိတ်ဆို့ခံနေရတယ်။ ပါ့စ်ပို့ စာအုပ်လျှောက်တော့ သီးခြား လျှောက်လွှာရေး တင် ဆိုတော့ ရေးတင်ရတယ်။ ပြီးတော့ မကျဘူး ဆိုတော့ ကျနော်တို့က သီးခြား ခွဲခြား ဆက်ဆံခံနေရတဲ့ ဒုတိယတန်းစား နိုင်ငံသားတွေလိုဖြစ်နေတယ်။ နိုင်ငံ တ နိုင်ငံမှာ ဥပဒေဆိုတာ တသမတ်တည်း ဖြစ်သင့် တယ်”ဟု ကိုကိုကြီးက ဧရာဝတီကို ပြောသည်။

အကျဉ်းထောင်များက ၄င်းတို့ မလွတ်မြောက်ခင်ကတည်းက နိုင်ငံရေး အကျဉ်းသား ကျောင်းသား လူငယ်များသည် နိုင်ငံကူး လက်မှတ်လျှောက်ထားခဲ့ကြသော်လည်း ယခုထိမရသေးကြောင်း၊ ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင်များလည်း လျှောက်ထားခဲ့စဉ် ကလည်း နိုင်ငံရေးဖြင့် အကျဉ်းကျခဲ့မှု ဖြစ်စဉ် အသေးစိပ်ကို သီးခြား စာရွက်ဖြင့် ရေးတင်ခဲ့ရသော်လည်း ယနေ့အထိ မရသေးကြောင်း နိုင်ငံရေး သဘားထားကွဲလွဲ၍ ထောင်ဒဏ် ချမှတ်ခံထား ရသူများကို သီးခြား ပိတ်ဆို့ ကန့်သတ်မှုဟု သူက ဆက်ပြောသည်။

အရွယ်နှင့်မလိုက်အောင် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရပြီးနောက် ပညာ တပိုင်းတစ ကျောင်းသား လူငယ်များ အနေဖြင့်လည်း ပြည်တွင်း တက္ကသိုလ်၊ ကောလိပ်များတွင်လည်း ဆက်လက် ပညာသင်ကြား ခွင့်လည်း မရကြောင်း၊ မိမိ ကိုယ်မိမိ ဖွံ့ဖြိုး တိုးတက်ရာအတွက် ပြည်ပသို့ ထွက်ကာ လေ့လာနိုင်ရန် လည်း နိုင်ငံကူးလက်မှတ် မထုတ်ပေးသည့် အတွက် အခွင့်အလမ်းများ ပိတ်ဆို့ထားခြင်း ခံနေရကြောင်း ကိုကိုကြီးက ပြောသည်။

“ဒါကြောင့်မို့လို့ ကျနော်တို့ အေအေပီပီက တောက်လျှောက် ပြောနေတာ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသား ရှိတယ် ဆိုတာ အသိအမှတ်ပြုပြီး ခြွင်းချက်မရှိ လွတ်ပေးဖို့ လိုတယ်လို့။ အခု နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ်ပြု မခံရတဲ့ အတွက်ကြောင့် အကျဉ်းထောင်က ပြန်လွတ်လာပေမဲ့ နိုင်ငံသားအခွင့်အရေးတွေပါ ဆက်ဆုံးရှုံးနေရတာပါ”ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ဧရာဝတီကို ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ နိုင်ငံရေးအကျဉ်းသားဟောင်းများမှာ အကျဉ်းထောင်ထွင်း၌သာမက ထောင်က လွတ်လာပြီးသည့် နောက်ပိုင်းလည်း လုပ်ကိုင် စားသောက်ခွင့်၊ ပညာဆက်လက်သင်ကြားခွင့်များ ပိတ်ပင်ခံရခြင်း စသည့် စိတ်ပိုင်း ဆိုင်ရာ နှိပ်စက်မှုများ ခံနေရသည့်သဘောဖြစ်ကြောင်း သူကဆက်ပြောသည်။

ယခုအခါ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ပြည်ပတွင် သွားရောက် လေ့ လာရေးများ၊ သင်တန်းများအတွက် ဖိတ်ကြားမှုများ ရှိသော်လည်း နိုင်ငံကူး လက်မှတ် မရှိသေး၍ အခက်အခဲဖြစ်နေ ကြောင်း၊ ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့အား နိုင်ငံကူးလက်မှတ် ရရှိရန် အတွက် သီးခြား ဖြစ်စဉ် ရေး တင်ပြီးသားဖြစ်သော်လည်း ထပ်မံ၍ တင်ပြရမည်ဟု ဆိုလာခြင်းအတွက် အလွန် စိတ်မကောင်းဖြစ်မိကြောင်း ကိုကိုကြီးက ပြောသည်။

၎င်းတို့ခေါင်းဆောင်ပိုင်းနှင့် အတူ အခြား နိုင်ငံရေးအကျဉ်းသားဟောင်းများအားလုံး အတွက်လည်း နိုင်ငံကူး လက်မှတ် ထုတ်ပေးခြင်း၊ မထုတ်ပေးခြင်းကိစ္စတွင် တသားတည်း ဖြစ်သင့်ကြောင်း သူက ဆက်ပြောသည်။

“တကယ်လို့ မပေးဘူးဆိုရင်လည်း ထောင်ထွက် နိုင်ငံရေး အကျဉ်းသား ဟောင်းများကို နိုင်ငံကူး လက်မှတ် ထုတ်ပေးမည် မဟုတ်ပါလို့ တိတိကျကျ ဥပဒေတွေ ပြဌာန်းပေးသင့်တယ်လို့ ကျနော်မြင်တယ်။ အဲဒါဆိုရင် ကျနော်တို့လည်း ဘယ်လို မှ လျှောက်ထားစရာ မလိုတော့ဘူး”ဟု ကိုကိုကြီးက ပြောသည်။

ဧရာဝတီ မှ ကူးယူဖော်ပြပါသည်။

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးကို နေပြည်တော်သို့ ခေါ်သွားပြီ


မောင်တောမြို့ အခြေစိုက် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးကို နေပြည်တော်မှ စစ်ဆေးရန်  ခေါ်ယူသွားပြီ ဖြစ်ကြောင်း နစက သတင်းရပ်ကွက်အရ သိရသည်။
မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုနှင့် ပတ်သတ်ပြီး စွပ်စွဲချက် အများအပြား ထွက်လာပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ နေပြည်တော်မှ စစ်ဆေးရန် ခေါ်ယူသွားခဲ့ခြင်း ဖြစ်ကြောင်း နစက တပ်ဖွဲ့ တစ်ဦးက ပြောသည်။
“ ဗိုလ်မှူးကြီးကို ဒီကနေ ဇူလိုင်လ ၇ ရက်နေ့ကနေ  ခေါ်သွားပါတယ်။ သူ့ကို နေပြည်တော်မှာ စစ် ဆေးဖို့ ခေါ်သွားတာလို့ သိရပါတယ်။ မောင်တောမှာဖြစ်သွားတဲ့ အကြမ်းဖက်မှုတွေမှာ အကြမ်းဖက် လူပ်ရှားသူတွေဆီက ပိုက်ဆံ ယူတယ်ဆိုပြီး စွပ်စွဲချက်တွေ အကြီးအကျယ် ထွက်ပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ သူခုလို အခေါ်ခံရတာ ဖြစ်တယ်။”  ဟု နစက တပ်ဖွဲ့ဝင်က ပြောသည်။
ယခုကဲ့သို့ ခေါ်ယူသွားသည့် ကိစ္စနှင့်ပတ်သတ်ပြီး မောင်တောမြို့တွင် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်တ ဦးကလည်း ယခုကဲ့သို့ ပြောသည်။
“ကျွန်တော်ကြားတာက အခုသူ့ကို (ဗိုလ်မှူးကြီးအောင်ကြီး) နေပြည်တော်ကို ခေါ်သွားပြီလို့ကြား တယ်။  မောင်တောကိစ္စနဲ့ပတ်သတ်လို့ သူ့ကို စစ်ဆေးနေတယ်လို့ကြားတယ်” ဟု ပြောသည်။
မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုတွင် ရခိုင် ကျေးရွာ အများအပြား မီးရှို့ ခံရပြီး အကြမ်းဖက်ဆူပူသူများကို ထိထိရောက်ရောက်မနှိမ်နှင်း နိုင်ခဲ့ခြင်းမှာ နစကမှူး ဗိုလ်မှူးကြီး အောင်ကြီး၏ အားနည်း ချက်ကြောင့် ဖြစ်သည်ဟု ပြည်သူများသာမက အစိုးရ၀န်ထမ်းများကပါ မြင်နေကြသည်ဟု သူက ဆိုသည်။
“ မောင်တောမြို့ထက်မှာ ဖြစ်နေတုန်း လုံးထိန်းတပ်ရင်း ၂ က သေနတ်ပစ်ပြီး လူစုခွဲတာကို နစက က လာပြီး ပြဿနာရှာတယ်။ မောင်တော မြောက်ပိုင်း လောင်းဒုံ နတလရွာမှာ ဖြစ် တုန်း ကလည်း ဗိုလ်မှူးကြီး အောင်ကြီးက  လုံးဝ ပစ်ခွင့် မပေးဘူး။ နယ်မြေမှူး ခန္ဓာပေါ်  ခဲတွေကျလို့ မခံနိုင်တဲ့ အတွက် သေနတ် ပစ်ခတ်လိုက် တော့မှ လူစုကွဲသွားတယ်။ ဒီတွက် သူရဲ့ လုပ်ပုံ  ကိုင်ပုံတွေကို ဌာနဆိုင်ရာက အရာရှိတွေပါ မကျေမနပ် ဖြစ်နေကြပါတယ်”ဟု အဆိုပါ ရဲတပ်ဖွဲ့ဝင်မှ ပြောသည်။
မကြာသေးမီက မောင်တောမြို့ခံများက နိရဉ္စရာသို့ ပို့ပေးသည့်စာတွင်လည်း ဗိုလ်မှူးကြီး အောင်ကြီး သည်  အကြမ်းဖက်မှု ဖြစ်ကို စတင် ဖြစ်ပွားစေသော အခြေခံ အကြောင်း အရင်း ဖြစ် သည့်  ငြိမ်းချမ်းစွာ ဆုတောင်းပွဲကို ကျပ်ငွေသိန်းပေါင်း ၃၅၀ဝ နှင့် ခွင့်ပြုခဲ့သည်ဟု စွပ် စွဲ ဖေါ်ပြသည်။
ယခုအခါ မောင်တော နစက ဌာနချုပ်တွင် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်က တိုက်ရိုက် ကိုင်တွယ်နေသည်ဟု သိရသည်။

( နိရဉ္စရာ သတင်းဌာနာ) 

တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြား


တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း  ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင်လ ၁၁ ရက်နေ့ နေပြည်တော်၌ တွေ့ဆုံချိန်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါသည်။ 
ထို့အပြင် ခိုးဝင်လာသော ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး နောက်ဆုံး ဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန် ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေး စောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည် ဖြစ်ကြောင်းနှင့် ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဆက်လက် ပြောကြားခဲ့ပါသည်။ 
သမိုင်းကြောင်းအရ ဘင်္ဂါလီများ ဝင်ရောက်လာသည်မှာ (၁၉၄၈) ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်္ဂလိပ် နယ်ချဲ့များက လယ်ယာ လုပ်ကိုင်ရန် ခေါ်သွင်းလာခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချ နေထိုင်သူများလည်း ရှိကြောင်း၊ မိမိတို့ ဥပဒေအရ (၁၉၄၈) ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်ပါက (၁၉၄၈) ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊  နောက်ပိုင်းတွင် ရိုဟင်ဂျာ အမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက် ရှိကြောင်း၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ထိုကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတို့ တိုင်းရင်းသားများကို တာဝန်ယူမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါသည်။  
နိုင်ငံတော် သမ္မတနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမှုတွင် ကချင်ပြည်နယ်ရှိ စစ်ဘေးသင့် ပြည်သူများ အရေးကိစ္စနှင့်  ကရင်ပြည်နယ်ရှိ ရွေ့ပြောင်းပြည်သူများ မိမိဆန္ဒ အလျောက် ပြန်လာရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါတွေ့ဆုံမှုတွင် မြန်မာအစိုးရဘက်မှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အပါအ၀င်  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်  မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်ခဲ့ကြောင်း သိရပါသည်။

ပြည်သူ့လွှတ်တော်မှ ၎င်းအဖွဲ့ဝင်ကိုယ်စားလှယ် အဖြစ် ဟင်္သာတ မဲဆန္ဒနယ်မှ ဦးဌေးဦးကို ရွေးချယ်

ပြည်ထောင်စု လွှတ်တော် နာယက၏ အကြောင်းကြားချက်အရ ‘ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းနှင့် ပြည့်စုံမှုရှိမရှိ စိစစ်ရေးအဖွဲ့’ ကို ယနေ့ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းလိုက်သည်။ အဆိုပါအဖွဲ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ ၊ ဒုဥက္ကဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ အပါအ၀င် အဖွဲ့ဝင်ကိုယ်စားလှယ် ၃ဦး ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအဖွဲ့သည် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အဖွဲ့မှ ရွေးချယ်တင်မြှောက်ထားသူမှာ အရည်အချင်းနှင့် ပြည့်စုံခြင်းရှိမရှိ စိစစ်ပေးရမည်ဖြစ်ကြောင်း သိရှိရသည်။ ပြည်သူ့လွှတ်တော်မှ ၎င်းအဖွဲ့ဝင်ကိုယ်စားလှယ် အဖြစ် ဟင်္သာတ မဲဆန္ဒနယ်မှ ဦးဌေးဦးကို ရွေးချယ်လိုက်ကြောင်း သိရသည်။

Statement by the President on the Easing of Sanctions on Burma

အမေရိကန်အစိုးရ အနေဖြင့် ယခင်က မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် အားပေးခဲ့ သော်လည်း တိုင်းပြည်၏ အဓိက ဝင်ငွေဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ကိုမူ ချန်လှပ်ထားခဲ့သည်။ ယခုမူ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများတွင်ပါ ရင်းနှီးမြှုပ်နှံရန် လိုက်လျောခဲ့ပြီ ဖြစ်သည်။

Monday, July 9, 2012

လစ်လပ်နေသော ဒုတိယ သမ္မတ နေရာအတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က အမည်တင်သွင်း


ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေအနေကြောင့် အနားယူသွားသဖြင့် လစ်လပ်သွားသော ဒုတိယ သမ္မတနေရာအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ အဆိုတင်သွင်းရာတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပိုမိုဖြစ်နိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဦးမြင့်ဆွေသည် ယခင်က ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို ကိုင်တွယ်ဖြေရှင်းခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် ယခင် စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူ တစ်ဦးဖြစ်ကြောင်း လည်းသိရသည်။ ဦးမြင့်ဆွေသည် DSA အပတ်စဉ် ၁၅ ကျောင်းဆင်းတစ်ဦးဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တပ်မတော်တွင်တာ ၀န်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့အပြင် ဦးမြင့်ဆွေသည် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ်အဖြစ် ထမ်းဆောင်ခဲ့ဖူးသလို ကစထမှူး(က.စ.ထ-၅)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဆိပ်ကြီးခနောင်တို မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။
ယခု အစိုးရသစ် လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး ပြီးခဲ့သည့် ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်တွင် သတင်းဖော်ပြ ရေးသားမှုများအတွက် ပြည်တွင်းမီဒီယာများအား ပုဒ်မ ၅(ည)အပါအ၀င် အစရှိသည်တို့ဖြင့် ဥပဒေအရ တရားစွဲဆို အရေးယူနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ခေါ်ယူသတိပေးခဲ့သူလည်းဖြစ်သည်။

ဒုတိယ၀န်ကြီးများ အစားထိုး ပြောင်းလဲ ခန့်အပ်

နိုင်ငံတော်သမ္မတရုံး - အမိန့်အမှတ်(၁၅/၂၀၁၂)

ဒုတိယ၀န်ကြီးများ ပြောင်းလဲ တာဝန်ပေးခြင်း

၁) ဦးသန့်ရှင်း ဒုတိယ၀န်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၁)

၂) ဦးချန်မောင် ဒုတိယ၀န်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန

၃) ဦးဝင်းရှိန် ဒုတိယ၀န်ကြီး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

၎) ဦးဟန်စိန် ဒုတိယ၀န်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန

၅) ဦးဝင်းသန်း ဒုတိယ၀န်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန

၆) ဒေါက်တာမျိုးမြင့် ဒုတိယ၀န်ကြီး၊ ပညာရေးဝန်ကြီးဌာန

ဝန်ကြီးကလင်တန် အာရှခရီးစဉ်အတွင်း မြန်မာ့အပြောင်းအလဲ ချီးကျူးပြောဆို


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ ဒီမိုကရေစီကိုမြှင့်တင်ဖို့၊ ဒေသတွင်းမှာ အမေရိကန်ရဲ့ စီးပွားရေးအရလုပ်ဆောင်မှု ပိုကြီးမားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အာရှဒေသဆီ ခရီးထွက်နေတာမှာ အခု တော့ မွန်ဂိုလီယားနိုင်ငံမှာ ရောက်နေပါတယ်။
Ulaanbaatar မြို့တော်မှာကျင်းပနေတဲ့ အမျိုးသမီးများရဲ့ ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲတခုမှာ မစ္စစ်ကလင်တန်က တနင်္လာနေ့က စကားပြောခဲ့တာမှာ မြန်မာနိုင်ငံက အခြေအနေတွေကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ စစ်ဘက်ကနေ အုပ်ချုပ်ခဲ့ပြီးတဲ့နောက် မြန်မာအစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ တယ်၊ နိုင်ငံရေးပါတီတွေ တည်ထောင် လုပ်ဆောင်နိုင်တဲ့ ဥပဒေတွေ ပြဌာန်းခဲ့တယ်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးတဲ့လုပ်ရပ်တွေ လုပ်ခဲ့တယ်၊ တိုင်းရင်းသားလူမျိုးစုတွေကြား သဘောထားကွဲပြားနေတာတွေကို ဖြေရှင်းရေး စတင်ပြီးတော့ ကြိုးပမ်းအားထုတ်ခဲ့တယ်လို့ ဟီလာရီ ကလင်တန်က ပြောပါတယ်။
ဒါ့အပြင် နှစ်ပေါင်းများစွာ အကျဉ်းကျခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အခုဆိုရင် လွတ်လပ်စွာ ပြောဆိုနေနိုင်ပြီဖြစ်ပြီး သူမရဲ့ နေရာမှန်ဖြစ်တဲ့ လွှတ်တော်တွင်းမှာ ထမ်းဆောင်နေနိုင်ပြီလို့ မစ္စစ်ကလင်တန်က ပြောခဲ့ပါတယ်။

လမ်းပြန်ပြင်ပေးဖို့ ကျောင်းသားလူငယ် ၁၀၀ ကျော် ဆန္ဒပြ


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမှော် ကျေးရွာအုပ်စုမှာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လမ်းကို ပြန်လည် ပြုပြင်ပေးဖို့အတွက် ကျောင်းသားလူငယ် ၁၀၀ ကျော် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
လိပ်ခမှော်ကျေးရွာအုပ်စုက ဂုံးချိန်ကျေးရွာ အ.ထ.က ကျောင်းကို သွားတဲ့ (၃) မိုင်လောက်ရှည်တဲ့ လမ်းကို ရွှေသဘာဝ ဓာတ်ငွေ့စက်ရုံ တည်ဆောက်ရေးအတွက် ကိုရီးယားနိုင်ငံက Daewooကုမ္ပဏီ၊ Hyundai ကုမ္ပဏီနဲ့ အိန္ဒိယပိုင် Tanjiliong ကုမ္ပဏီတို့က စက်ယန္တယားတွေ၊ ကားတွေ မောင်းနှင် အသုံးပြုနေတာကြောင့် လမ်းပျက်စီးသွားခဲ့တာကို ပြန်လည်ပြုပြင်ပေးဖို့ ကျောင်းသားတွေက အေးအေးချမ်းချမ်း ဆန္ဒပြကြတာပါလို့ ဂုံးချိန်ရွာသား ဦးသန္တာမောင်က ပြောပါတယ်။
"သဘာဝဓာတ်ငွေ့စက်ရုံ စီမံကိန်းကြောင့် ကားကြီးတွေ သွားတဲ့အတွက်ကြောင့် အဲဒီလမ်းဟာ ပျက်ဆီးသွားပါတယ်ခင်ဗျ။ အဲတာကို ဘယ်ကုမ္ပဏီမှလည်း လုပ်ပြီးမပေးသေးတဲ့ အပြင် နောက်ထပ် လမ်းတွေဟာ တောင်ကမ်းပါးယံတွေကို အိန္ဒိယ ကုမ္ပဏီတွေက ထိုးလိုက်တဲ့အတွက် မြေသားတွေ ပြိုကျုပြီး အကုန်လုံး လမ်းကို ဖုံးလွှမ်းသွားပါတယ်ခင်ဗျ။ အဲဒီလမ်းဟာ အရင်တုန်းက ဆိုရင် ထော်လာဂျီတို့၊ မော်တော်ကားတို့၊ မော်တော်ဆိုင်ကယ်တို့၊ စက်ဘီးတို့ အကုန်လုံး သွားလို့ ရတယ်ခင်ဗျ"
ကျောင်းသားတွေဟာ ကျောင်းဝတ်စုံတွေကို ဆင်တူဝတ်ဆင်ပြီး “လမ်းပြန်ပြုပြင်ပေးပါ၊ ကျောင်းသားတွေရဲ့လိုလားချက်တွေကို ဖြည့်ဆည်းပေးပါ" ဆိုတဲ့ စာသားတွေ ရေးထားတဲ့ ပိုစတာတွေ ကိုယ်စီကိုင်ဆောင်ပြီး ဆန္ဒပြ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆန္ဒပြတဲ့ ကျောင်းသားတွေဟာ လိပ်ခမှော်ရွာမ၊ လိပ်ခမှော်ရွာဟောင်း၊ ငလကျွန်း၊ ဂုံးချိန်နဲ့ ပြင်ရှည်ရွာတွေက အထက်တန်း၊ အလယ်တန်းနဲ့ အတန်းကြီး မူလတန်းကျောင်းသားများဖြစ်ပြီး ဆန္ဒပြပြီးတဲ့နောက် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး၊ ဗျူဟာမှူး၊ ခရိုင်ရဲမှူးတို့က ဆန္ဒပြရာ နေရာကို သွားရောက်ပြီး ဖြေရှင်း ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီလမ်းကို ပြန်လည်ပြုပြင်ပေးဖို့ ကျေးရွာသား ၂၈၀ လက်မှတ်ရေးထိုးပြီး ခရိုင်အုပ်ချုပ်ရေးမှူးဆီကို မကြာသေးမီက တင်ပြတောင်းဆိုထားပေမယ့် တစုံတရာ တုံ့ ပြန်မှု မရရှိတဲ့အတွက် ကျောင်းသားတွေက အခုလို ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်

ဒု-သမ္မတ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို

ဒုတိယသမ္မတ အဖြစ် တင်မြှောက်ခံရမယ့်သူဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက် ကြိုးပမ်းမယ့်သူ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုတယ်လို့ သိရပါတယ်။



လွှတ်တော် အစည်းအဝေးကို ပထမဆုံးနေ့အဖြစ် တက်ရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့တာပါ။
ဒီအတောအတွင်း ဒုတိယ သမ္မတနေရာ အစားထိုးဖို့အတွက် လက်ရှိ မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ဆဲ ကာကွယ်ရေး ၀န်ကြီးဌာနက ကြည်းရေလေ ညှိနှိုင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း သို့မဟုတ် ဗိုလ်ချုပ် စိုးဝင်းတို့ကို အဆိုပြုနိုင်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေပြုရေး ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းကို ကိုးကားပြီး Bloomberg သတင်းက ရေးသားတာပါ။
ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးချုပ် ဦးဌေးဦးတို့ဟာလည်း ဖြစ်နိုင်ခြေရှိတဲ့ စာရင်းထဲမှာ ပါတယ်လို့ ဆိုပါတယ်။
လစ်လပ်သွားတဲ့ ဒုတိယ သမ္မတ နေရာအတွက် မနက်ဖြန် ဇူလိုင်လ ၁၀ ရက် နောက်ဆုံးထား ရွေးချယ်တင်မြှောက် ပေးရမယ်လို့လည်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ခင်းပိုင်း လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ခေတ္တ တွေ့ဆုံ စကားပြောခဲ့သလို သတင်းထောက်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်မှာ အဆိုတင်သွင်းဖို့ အစီအစဉ်တွေ မဆုံးဖြတ်ရသေးကြောင်း သတင်းထောက်တွေကို ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ လွှတ်တော်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၄ ရက်နေ့က စတင်ကျင်းပခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥရောပ ခရီး ပင်ပန်းမှုကြောင့် ခွင့်ယူခဲ့ပြီး ဒီကနေ့မှ လွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

Sunday, July 8, 2012

ဒုဗိုလ်ချုပ်မှူးကြီးဟောင်း စင်္ကာပူသို့ သွားရောက် ဆေးကုသမည်


ရန်ကုန်၊ ဇူလိုင် ၉
ရုတ်တရက် နာမကျန်းဖြစ်မှုကြောင့် တပ်မတော် စစ်ဆေးရုံတွင် အရေးပေါ် ဆေးကုသမှု ခံယူနေသည့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(အငြိမ်းစား) ဒုတိယဗိုလ်ချူပ်မှူးကြီး(ဟောင်း) မောင်အေးသည် သတိ ပြန်လည် ရရှိလာပြီ ဖြစ်ပြီး စင်္ကာပူနိုင်ငံသို့ သွားရောက် ဆေးကုသ ခံယူမည်ဖြစ်ကြောင်း နေပြည်တော်ရှိ အစိုးရ နှင့် နီးစပ်သည့် အသိုင်းအဝိုင်းများထံမှ စုံစမ်းသိရှိရသည်။
ဒုတိယ ဗိုလ်ချူပ်မှူးကြီး(ဟောင်း) မောင်အေးမှာ ရုတ်တရက် လေဖြတ်သွားခြင်းဖြစ်ပြီး လတ်တလောတွင် မျက်နှာ အနေအထား ပုံမှန် မဖြစ်သေးသည်သာ ကျန်တော့ကြောင်း သတိကောင်းကောင်း ပြန်ရနေပြီး အခြေအနေ ကောင်းမွန်နေကြောင်း မကြာခင် စင်္ကာပူနိုင်ငံသို့ သွားရောက် ဆေးကုသမှုခံယူမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ ဆက်လက်စုံစမ်းသိရှိရသည်။
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(အငြိမ်းစား) ဒုတိယ ဗိုလ်ချူပ်မှူးကြီး(ဟောင်း) မောင်အေးသည် ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းတွင် ရုတ်တရက် နာမကျန်းဖြစ်ပြီး တပ်မတော် စစ်ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် သတိပြန်လည် ရရှိလာခြင်း ဖြစ်ကြောင်း ၄င်းတို့ထံမှ သိရသည်။
ဒုတိယ ဗိုလ်ချူပ်မှူးကြီး မောင်အေးသည် စစ်တက္ကသိုလ်(DSA) အပတ်စဉ် ၁ သင်တန်းဆင်းဖြစ်ပြီး၊ အသက် ၇၄ ခန့်ရှိပြီ ဖြစ်သည်။

ဂျိုးဖြူကန်အား အဆိပ်ခတ်သူ မွတ်ဆင် (၄) ဦး ဖမ်းမိ

ရန်ကုန်တစ်မြို့လုံးကို ရေးပေးဝေနေသော ဂျိုးဖြူရေကန် အား အဆိပ်ခတ်သူ မွတ်ဆလင် အမျိုးသား (၃) ဦး နှင့် အမျိုး သမီး တစ်ဦးကို မကြာခင်ကပဲ ဖမ်းဆီးရမိလိုက်ကြောင်း သတင်းရရှိသည်။ တရားခံများကို သက်ဆိုင်ရာမှ စစ်ဆေးနေဆဲဖြစ်ပြီး ရေကိုလည်း စစ်ဆေးနေကြောင်း သတင်းရရှိပါသည်။

တစ်လအတွင်းမှာပဲ စစ်တွေ၊ ကျော်ဖြူ နှင့် ရခိုင်ပြည်နယ်တွင်းမှ ရေကန်အများအပြားကို အဆိပ်ခတ်ခံရသဖြင့် သက်ဆိုင်ရာက ရေမသောက်ရန် လိုက်လံ စော်အောခဲ့ကြရသည်။ ယခု ဂျိုးဖြူကန်မှာ ရခိုင်ပြည်နယ်ပြင်ပရှိ ပထမဆုံး အဆိပ်ခတ်ခံရသော ရေကန်ဖြစ်သည်။

အင်တာနက်ချိတ်ဆက်မရအောင် တိုက်ခိုက်မယ့်ဗိုင်းရပ်စ် သတိပေးချက်


မနှစ်ကကွန်ပျူတာတွေကို တိုက်ခိုက်ခဲ့ပြီးတော့ ကမ္ဘာတ၀ှမ်း ပျံ့နှံ့ခဲ့တဲ့ global virus တမျိုးကို ကွန်ပျူတာ ပိုင်ရှင်တွေ အနေနဲ့ ချက်ချင်းလက်ငင်း စစ်ဆေးမှုတွေ မလုပ်ဘူးဆိုရင် ဒီနေ့ တနင်္လာနေ့ ကွန်ပျူတာ ဖွင့်တဲ့အခါ ထောင်နဲ့ချီတဲ့ ကွန်ပျူတာ သုံးသူတွေ အံ့အားသင့်စရာ တွေ့ကြရမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အရှေ့ဥရောပက ကွန်ပျူတာစနစ် ဖျက်ဆီးတဲ့ ဟက်ကာတွေက ကွန်ပျူတာ သုံးသူတွေ အင်တာနက် မသုံးနိုင်အောင် အဲဒီဗိုင်းရပ်စ်ကို တီထွင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုရှိနိုင်တဲ့ ကွန်ပျူတာ သုံးစွဲသူတွေကို facebook လူမှုကွန်ယက်နဲ့ google တို့က သတိပေးထားပါတယ်။ ကွန်ပျူတာတွေကို ထိုးဖောက်ဖျက်ဆီးသူ ဟက်ကာတွေက မနှစ်က ကွန်ပျူတာ သုံးစွဲသူ ခြောက်သိန်းနီးပါးကို အွန်လိုင်းကြော်ငြာ တွေ သုံးပြီးတော့ သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေကို ရယူ ထိန်းချုပ်ခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဋ္ဌာနFBI ရဲ့ယာယီပြင်ဆင်မှုကို တနင်္လာနေ့ UTC စံတော်ချိန် ၀၄း၀၁ အချိန်မှာ ပိတ်လိုက်ပြီဖြစ်ပါတယ်။ ကွန်ပျူတာ သုံးသူတွေအနေနဲ့ သူတို့ ကွန်ပျူတာတွေ တိုက်ခိုက်ခံရမှု ရှိမရှိ ဘယ်လို ပြန်ပြီးတော့ ပြင်ရမယ် ဆိုတာကို FBI ရဲ့ဝက်စာမျက်နှာ www.dcwg.org မှာ ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။

ဗကသ ခေါင်းဆောင်များ ပြန်လည် လွတ်မြောက်လာ

ဇူလိုင် (၇) ရက်နေ့ အထိမ်းအမှတ် အခမ်းအနား မကျင်းပနိုင်အောင် နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်တာဟာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်း နှိပ်စက်မှု ဖြစ်တယ်လို့ ကျောင်းသား ခေါင်းဆောင် ကိုစည်သူမောင်က ပြန်လည် လွတ်မြောက်လာအပြီး ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျွန်တော်တို့ ဟိုမှာကြုံလိုက်ရတာတော့ ဖမ်းဆီး ထိန်းသိမ်းထားတာပါ။ သွားတာ လာတာကို ဘယ်မှ ပေးမသွားဘူး။ အခန်းထဲမှာ ကျွန်တော်တို့ကို ထည့်ထားမယ်။ မနက် ၃ နာရီ ၄ နာရီအထိကို ကျွန်တော်တို့ကို စစ်ဆေးမေးမြန်းပါတယ်။ စိတ်ပိုင်းဆိုင်ရာ အရ ကျွန်တော်တို့ကို ဒါညှဉ်းပန်းနှိပ်စက်မှု တစ်ခုပါ။ နောက်တစ်ခုကလည်း ရုပ်ပိုင်းဆိုင်ရာ အရလည်း ကျွန်တော်တို့ ကျန်းမာရေး ထိခိုက်အောင် ရည်ရွယ်ပုံရပါတယ်"
ကိုစည်သူမောင်ဟာ နှစ်ငါးဆယ်ပြည့် ဇူလိုင် ခုနှစ်ရက်နေ့ အခမ်းအနား ကျင်းပရန် စီစဉ်မှုနဲ့ ဇူလိုင် ၆ ရက် နေ့ညက ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင်တို့နဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။

လွှတ်တော်တက်ဖို့ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကိုရောက်ရှိ

မနက်ဖြန် ဆက်လက်ကျင်းပမယ့် စတုတ္ထအကြိမ် ပုံမှန်လွှတ်တော်ကို တက်ရောက်ဖို့အတွက်NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိသွားပြီ လို့ သိရပါတယ်။
မနက်ဖြန် ဆက်လက်ကျင်းပမယ့် စတုတ္ထအကြိမ် ပုံမှန်ပြည်သူ့လွှတ်တော်ကို တက်ရောက်မှာ ဖြစ်ပြီး ဒီနေ့ နေ့ခင်းက ရန်ကုန်ကနေ ထွက်ခွါသွားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လက်ထောက်နဲ့ အနီးကပ် လုံခြုံရေး တာဝန်ယူထားသူများ လိုက်ပါသွားကြောင်း