Powered By Blogger

Tuesday, March 6, 2012

ဦးဂမ္ဘီရကို နောက်တကြိမ် ဖမ်းဆီး


U Gambira
ထောင်ကလွတ်လာပြီးနောက် အစိုးရကို အဝေဖန်ဆုံးသူ ဖြစ်လာ
၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုရဲ့ ဦးဆောင် ဆရာတော် အသျှင်ဂမ္ဘီရကို အင်္ဂါနေ့မှာ ရဲထောက်လှမ်းရေး အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှာ တညတာစစ်ဆေးပြီးရင် နောက်နေ့မနက်မှာ ပြန်လွှတ်ပေးမယ်လို့ ရဲထောက်လှမ်းရေးက ပြောဆို ဖမ်းဆီး သွားခဲ့တာ ဖြစ်ကြောင်း ဆရာတော် ဦးဂမ္ဘီရ ကိုယ်တိုင်က မိန့်ကြားပြောဆိုပါတယ်။
ဆရာတော်ဦးဂမ္ဘီရကို ကားနဲ့ ခေါ်ဆောင်သွားစဉ်မှာ မဂ္ဂင်ကျောင်းက ဆရာတော် ဦးဣဿရိယက ဖုန်းဆက် လျှောက်ထားမေးမြန်းတဲ့ အခါ ဆရာတော် ဦးဂမ္ဘီရက ဖြေကြားပြောဆိုခဲ့တာဖြစ်ပါတယ်။
ဆရာတော်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်မှာ ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦးတို့နဲ့ အတူ အကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
အကျဉ်းထောင်က ပြန်လွတ်လာပြီးနောက် ဆရာတော် ဦးဂမ္ဘီရဟာ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှု အပြီးမှာ စစ်အစိုးရ အာဏာပိုင်တွေက သော့ခတ် ချိပ်ပိတ်ထားတဲ သူနေထိုင် သီတင်းသုံးရာ မဂ္ဂင်ကျောင်းကို ပြန်ဖွင့်ပြီး ကျောင်းထိုင်ဆရာတော်နဲ့ တခြား ဆရာတော်များနဲ့ အတူ သီတင်းသုံးနေထိုင် ခဲ့ပါတယ်။
ဒီလို ကျောင်းတိုက်သော့ဖွင့်ပြီး ဝင်ရောက်နေထိုင်တာကို ဥပဒေချိုးဖောက်တယ်လို့ အာဏာပိုင်တွေက စွပ်စွဲပြီး သံဃမဟာနာယက အဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။
ဥပဒေချိုးဖောက်တာရှိခဲ့ရင် အစဉ်အလာအားဖြင့် အစိုးရက တိုက်ရိုက် အရေးယူလေ့ရှိပေမဲ့ ဒီတကြိမ်မှာ မဟနကို အကြောင်းကြားပြီး ဓမ္မစက်နဲ့ အရေးယူဖို့ အကြောင်းကြားခဲ့တာဟာ ထူးခြားချက်တခုဖြစ်ပါတယ်။
မဟနက ခေါ်ယူရာမှာ တခြား ဆရာတော်တွေက သွားရောက်တွေ့ဆုံခဲ့ပေမဲ့ ဆရာတော်ဦးဂမ္ဘီရက မတွေ့ဆုံခဲ့ပါဘူး။ ဆရာတော်ရဲ့ မယ်တော် နေမကောင်းလို့ မိတ္ထိလာပြန်သွားရတဲ့ အတွက် မတွေ့ဆုံနိုင်ဘူးလို့ ဆိုပါတယ်။
အဲသလို မတွေ့ဆုံခဲ့တဲ့ အတွက် ထောက်လှမ်းရေးက ပထမအကြိမ် ဖမ်းဆီးခေါ်ဆောင်ပြီး တညတာခေါ်ယူ စစ်ဆေးခဲ့ပါတယ်။ ခေါ်ယူစစ်ဆေးပြီးမှ မဟန ဆရာတော်ကြီးများ ရှေ့မှောက် ပို့ဆောင်ခဲ့ပါတယ်။
ဆရာတော်ဦးဂမ္ဘီရက ဝိနည်းနဲ့ အညီနေထိုင်မယ့် အကြောင်း မဟန ဆရာတော်ကြီးတွေထံမှာ လက်မှတ်ရေးထိုး ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ သင်္ကန်းပြန်စည်းဖို့ လက်မှတ်ရေး ထိုးခိုင်းတာကိုတော့ ဆရာတော်က ငြင်းပယ်ခဲ့ပါတယ်။
ဆရာတော်ဦးဂမ္ဘီရ ကျောင်းကို ပြန်ရောက်ပြီးတဲ့နောက်မှာ မဟန အဖွဲ့ ရဲ့ ဆောင်ရွက်ချက်တွေကို ဝေဖန်တဲ့ စာရေးသားပြီး ပေးပို့ဆက်ကပ်ခဲ့ပါတယ်။
အဲဒီစာပေးပို့ပြီးနောက်မှာ ဆရာတော်ကို ဓမ္မစက်နဲ့ ဆုံးမလို့ မရတော့တဲ့ အတွက် အာဏာစက်နဲ့ အရေးယူ တော့မယ်လို့ အစိုးရထုတ် သတင်းစာတွေထဲမှာ ရေးသားခဲ့ပါတယ်။
အဲဒီနောက်မှာ အခုလို အဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဆရာတော်ဦးဂမ္ဘီရဟာ ပြီးခဲ့တဲ့ ဇန္နဝါရီလမှာ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ အစိုးရကို အပြတ်သားဆုံး ဝေဖန်ထောက်ပြသူ တဦးဖြစ်ပါတယ်။

No comments:

Post a Comment