Powered By Blogger

Wednesday, May 23, 2012

MYANMAR CID investigate JAPANESE businessman


အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စစ်ဆေးဆဲကာလတွင် အဆိုပါရုံးပေါ်မှ ပြုတ်ကျသေဆုံးခဲ့သူ မနန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသားကို အိမ်ခြံမြေနှင့် စိုက်ပျိုးမြေများကိုဝယ်ယူ၍ ဈေးကစား အမြတ်တင် ရောင်းချမှုများ ပြုလုပ်သည်ဟူသော စွဲချက် ဖြင့် မေလ ၁၇ ရက်နေ့တွင် ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ် ၅ လပိုင်းအတွင်း ဂျပန်နိုင်ငံသား Mr. Namas e Motohiko  သည် ဗဟန်း မြို့နယ်နေသူသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တရားဝင် လုပ်ကိုင်ခွင့် တင်ပြထားခြင်းမရှိဘဲ အိမ်ခြံမြေပွဲစားများ၊ အကျိုးဆောင် ကုမ္ပဏီများနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေနှင့် စိုက်ပျိုးမြေများကို ၀ယ်ယူ၍ ဈေးကစား ပြီး အမြတ်တင်ရောင်းချမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ဝယ်ယူရောင်းချရာတွင် ၎င်းပိုင်ဂျပန်ယမ်းငွေနှင့် အမေရိကန်ဒေါ်လာငွေများကို တရားမ၀င် လဲလှယ်ရရှိသော မြန်မာကျပ်ငွေများဖြင့် လှိုင်သာယာမြို့နယ်၌ အိမ်၊ ခြံ၊ မြေသုံးကွက်၊ ဒလမြို့နယ် ၌နှစ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၌ စိုက်ပျိုး မြေ(၂၀ ဒသမ ၄၉)ဧက၊ တွံတေးမြို့ နယ်၌ ၂၀ ဧက၊ ကျောက်တန်းမြို့ နယ်၌ ၁၄ ဒသမ ၃ ဧကတို့လည်း ကောင်းဝယ်ယူခဲ့ကြောင်း၊ ၎င်းကိုအရေးယူပေးရန် စ/---၊ ဦးသန်းအေး၊ ဦးစီးအရာရှိ(စစစ) ရန်ကုန်တိုင်းဒေသကြီးမှ တရားလိုပြုလုပ် တိုင်တန်းမှုအား လှိုင်သာယာရဲစခန်း လ(ပ)၅၂၁/၀၁၂ အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(ဇ)ဖြင့် မေလ ၁၇ ရက်နေ့တွင် အမှုဖွင့်ဖမ်းဆီးစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။
ယခုဖမ်းဆီးစစ်ဆေးလျက်ရှိသည့် ဂျပန်နိုင်ငံသားနှင့် လက်ထပ်ယူထားသူ မနန်းဝိုးဖန် (အသက် ၂၀  နှစ်)ကို ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဌာနမှ ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ၎င်း ၀ယ်ယူထားသော မြေကွက်ကိစ္စဖြင့် ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
   ယင်းသို့စစ်ဆေးဆဲကာလ မတ် လ ၂၄ ရက်နေ့တွင် မနန်းဝိုးဖန် ရန်ကုန်တိုင်းဒေသကြီး အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန ရုံးငါးထပ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရှိရသည်။
ယင်းကဲ့သို့သေဆုံးမှုကို ကျောက်တံတားရဲစခန်းမှ သေမှုသေခင်း အမှတ် ၂၃/၂၀၁၂ ဖြစ်အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။ သေဆုံးခဲ့သူ မနန်းဝိုးဖန်၏ရှေ့နေဖြစ်သူ တရားရုံးချုပ်ရှေ့နေ ဒေါ်နန်းထွေးမှုံ  က “နန်းဝိုးဖန်က အလုပ်လုပ်ချင်တယ်လို့ပြောတော့ ဂျပန်နိုင်ငံသားက ထိုင်းနဲ့ ဂျပန်နိုင်ငံမှာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပဲ လုပ်တယ်။ ဒါ နဲ့နောက်နေ့မှာ သူတို့နှစ်ယောက် ဗိုလ်ချုပ်ဈေး သွားလည်တဲ့အခါမှာ ဂျပန်နိုင်ငံသားက ဂျပန်စကားပြောတတ်သူတစ်ဦးနဲ့ ခင်ခဲ့တယ်။ ဒါနဲ့ ရန်ကုန်မှာ အိမ်ခြံမြေအကျိုးဆောင် လုပ်ဖို့အတွက် မေးမြန်းဖြစ်ခဲ့တယ်။ အဲဒီအခါမှာ ဂျပန်စကားတတ်သူက သူ့အစ်ကိုဖြစ်တဲ့ ဦးကိုကိုဆိုသူနဲ့ မိတ်ဆက်ပေးခဲ့တယ်။ ပြီးတော့လှိုင်သာယာမှာ နန်းဦးကုမ္ပဏီနာမည်နဲ့ ဖွင့်လှစ်ပြီးတော့ အိမ်ခြံမြေလုပ်ငန်းကို လုပ်ခဲ့ပါတယ်။ ၀ယ်ယူခဲ့တဲ့ အိမ်ခြံမြေတွေကလည်း ကောင်မလေးနာမည် နဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ကနေ ၂၀၁၁ အထိ ဘာအကြောင်း ပြဿနာမှမတက်ခဲ့ဘူး။ ဒါပေမယ့် ဦးကိုကိုဆိုသူက မြေကွက်တွေကို လိုက်ဝယ်တဲ့အခါမှာ တန်ဖိုးသိန်း ၇၀၀ နဲ့ ရောင်းတဲ့မြေကွက်ကို သိန်း ၁၂၀၀ နဲ့ ၀ယ်လိုက်တယ်ဆိုပြီးတော့ ပြောပြီးဝယ်တယ်။ ဒီလို တဖြည်းဖြည်း မသမာမှုတွေ ပြုလုပ်လာလို့ မနန်းဝိုးဖန်းက အလုပ်ထုတ်လိုက်တယ်။ ပြီးတော့ ဦးကိုကိုက သတင်းစာထဲမှာ ဒီမြေကွက်တွေက သူတစ်စု ပိုင်တယ်ဆိုပြီး ပြောလာတယ်။ ဒါနဲ့ မနန်းဝိုးဖန်ကပြန်ပြီးတော့ ဥပဒေ အကြောင်းအရ ပုဒ်မ ၄၂၀/၄၀၆ နဲ့ပြန်ရှင်းတဲ့အခါမှာ အဲဒီဦးကိုကိုက တိမ်းရှောင်သွားပါတယ်။ ပြီးတော့ အဲဒါကို မကျေနပ်လို့ ဂျပန်နိုင်ငံသားက မနန်းဝိုးဖန်ကိုနာမည်ခံခိုင်းပြီး မြေကွက်တွေ ၀ယ်ဈေးကစားနေတယ်လို့ တိုင်ပါတယ်”ဟု မနန်းဝိုးဖန်၏ အိမ်ခြေမြေ အကျိုးဆောင်လုပ်ငန်းတွင် ရှေ့နေဖြစ်သူ မအိအိအောင် ၏ပြောပြချက်ကို  ပြန်ပြောပြခဲ့သည်။


“ထုတ်ပြန်ထားတဲ့ဥပဒေနဲ့ ပြန်ထောက်ပြီးတော့ ရင်ဆိုင်သွားမယ်။ သေဆုံးသွားသူရဲ့ မိဘတွေအနေနဲ့ သမီးလည်း သေဆုံးရတယ်။ အဖြစ် အမှန်ဖြစ်ဖို့အတွက် အမှုကိုလည်း ဖွင့်ခွင့်မပေးဘူး။ ပိုင်ဆိုင်တဲ့မြေကွက် တွေလည်း ပြန်မရဘူးဆိုရင် မိသားစုတွေအနေနဲ့ နစ်နာမှုကြီး သုံးခုဖြစ် သွားလိမ့်မယ်။ အဲဒါတွေကို ကျွန်မ အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောင်ရွက်သွားမယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မနန်းဝိုးဖန် သေဆုံးသည့်ကိစ္စ နှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က “စ.စ.စရုံး ငါးထပ်ပေါ်က ပြုတ်ကျသေဆုံးခဲ့တဲ့ မနန်းဝိုးဖန်ရဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကို တင်ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်အနေနဲ့ တရားစီရင်ရေးက ဘယ်လိုဆုံးဖြတ်မယ်။ ဘယ်လိုယူဆမလဲ၊ ဘယ်လို ထွက်ဆိုမလဲဆိုတာကို စောင့်ကြည့်နေမယ်။ ဆုံးဖြတ်တာ မမျှတဘူးဆိုရင် လွှတ်တော်ကနေတစ်ဆင့် ပြောသွားမယ်။ အသက်ရှင်နေတဲ့ ဥပဒေတွေကိုလေးစားရမယ်။ ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲရမယ့် ဥပဒေတွေကို ပြင်ဆင်ဖို့ တင်ပြသွားပါမယ်”ဟု ပြောပါသည်။
မနန်းဝိုးဖန်သေဆုံးသည့် ကိစ္စနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကျောက်တံတားရဲစခန်း တွင် အမှုဖွင့်ခွင့်ရရန်အတွက် ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့နှင့် မေလ ၁၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ထံသို့လည်းကောင်း၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ထံသို့ ထပ်မံတင်ပြထားကြောင်း လတ်တလောတွင် အမှုဖွင့်ခွင့်မရသေးကြောင်း သေဆုံးသူ၏ ရှေ့နေဖြစ်သူက ပြောပါသည်။
မနန်းဝိုးဖန်၏ ဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစုဝင်များက ရှင်းလင်းပြောကြားမှု တစ်ခုကို မတ်လ ၂၈ ရက်နေ့ညနေပိုင်းက ရန်ကုန် မြို့တွင်ပြုလုပ်ခဲ့သည်။ အဆိုပါရှင်း လင်းပွဲတွင် မနန်းဝိုးဖန်၏ဖခင် ဦးအိုက်ခန်းက “သမီးနဲ့ဂျပန်နိုင်ငံသား တို့က ရှမ်းရိုးရာနဲ့ တရားဝင် လက်ထပ်ထားတာပါ။ မတ်လ ၂၄ ရက် နေ့ နံနက် ၈ နာရီလောက်မှာ သမီး နေမကောင်းဘူးလို့ သူ့အစ်မဆီကို (စ.စ.စ)လုံးက အကြောင်းကြားတယ်။ ည ၇ နာရီလောက်မှာ ဆုံးသွားပြီလို့ ပြောတယ်။ ခါတိုင်းလာတုန်းက သမီးကိုတွေ့ရတယ်။ ဒီတစ်ခါလာတော့ သမီးကို မတွေ့ရတော့ဘူး။ သမီးသေဆုံးရတဲ့ အကြောင်းအရင်း အမှန်အကန်ကို သိချင်ပါတယ်။ အပြစ်ရှိတဲ့ သူတွေရှိခဲ့ရင် အမှုမှန်ပေါ်ပေါက်ဖို့အတွက် သက်ဆိုင်ရာဌာန တွေ ကူညီပေးပါလို့ တောင်းဆိုပါတယ်”ဟု ပြောကြားခဲ့သည်။
သေဆုံးသွားခဲ့သူ မနန်းဝိုးဖန် ၏ ဖြစ်စဉ်ကို ကျောက်တံတားမြို့ နယ်တရားသူကြီး ဦးဝင်းဇော်ညွန့် က ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ မနန်းဝိုးဖန်၏ ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသား  Mr. Namas e Motohiko  အား ၎င်း၏ ဆောင် ရွက်မှုများသည် မြေကွက်ဈေးများ ကမောက်ကမဖြစ်ကာ နိုင်ငံတော်၏ ဘောဂဗလ၊ ပြည်သူတို့၏ယုံကြည်မှုများ ပျက်ပြားစေသည့်အပြင် အစိုးရ ၏ ဘဏ္ဍာရေး ဆောင်ရွက်ချက် အောင်မြင်မှုနှင့် စီမံချက်အောင်မြင်မှု တို့ကိုထိခိုက်စေရန် ကြံရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် ၎င်းကိုအရေးယူပေးရန် ဦးသန်းအေး (ဦးစီးအရာရှိ၊ စ.စ.စ) တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ငွေရပေါက်ရလမ်း မဖော်ပြနိုင်ရင် ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ရုံပါ ပဲ။ တရားမ၀င် ငွေလွှဲတာတို့၊ တရား မ၀င်တဲ့ ဟွန်ဒီတို့ဆိုတာ အရင်ခေတ်မှာပဲ ရှိသင့်တာပါ။ ရန်ကုန်မှာ သိန်းပေါင်း ၅၀၀၀၀ ကနေ ၁၀၀၀၀၀၀ အထက် မြေကွက်ကြီးတွေကို ပိုင်ဆိုင်လွှဲပြောင်း၊ ပွဲစားလုပ်နေတာတွေနဲ့ ပတ်သက်ပြီး စုံစမ်းတာမျိုး မကြားမိပါဘူး။ ဥပဒေက အဆင့်အတန်းနှစ်မျိုး (Double standard)  မရှိသင့်ပါဘူး။ ဂျပန်မီဒီယာတွေမှာ ဒီအကြောင်း အကျယ်တ၀င့်ပါလာလို့ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထုတ်လာရင်တော့ အမှန်တရားတွေ ပေါ်လာနိုင်ပါတယ်။ ဂျပန်နိုင်ငံက ရင်းနှီးမြုပ်နှံသူတွေ စိတ်ပျက်စရာ တရားစီရင်ရေးအတွက် ထောက်ပြချက်တွေ ရှိလာမယ်ဆိုရင် နိုင်ငံအတွက် နစ်နာစရာ ဖြစ်လာနိုင်ပါတယ်”ဟု ဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment