Powered By Blogger

Monday, February 20, 2012

VILLAIN IS VILLAIN.

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဲဆွယ်စည်းရုံးလှုပ်ရှားမှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်၊ လက်ရှိအနေအထားအရ တရားမျှတသည့် ရွေးကောက်ပွဲတစ်ခုဖြစ်ရန် ခဲယဉ်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောကြား 




အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အတွက် လက်ရှိတွင် မဲဆွယ်စည်းရုံးရေး ကိစ္စများနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ဖေဖော်ဝါရီလ ၂၀ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ သတင်းစာ ရှင်းလင်းပွဲကို နံနက်၁၁ နာရီ ၅၀ မိနစ်အချိန်တွင် စတင်ခဲ့ပြီး သဘာပတိအဖွဲ့ဝင် ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသော စာနယ်ဇင်းများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားမှုများ ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် သတင်းစာရှင်းလင်းပွဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိနာယက ဦးတင်ဦးက "ဒီနေ့ကြွရောက်လာကြတဲ့ ပြည်တွင်းက သတင်းစာကိုယ်စားလှယ် သတင်းထောက်များနှင့်တကွ ပြည်ပသတင်းစာ ကိုယ်စားလှယ် သတင်းထောက်များကို ဖိတ်ကြားရခြင်း အကြောင်းက ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အဖွဲ့ဝင်တွေ ယှဉ်ပြိုင်ရွေးကောက်ပွဲမှာ အဓိက အောင်မြင်ရာ အောင်မြင်ကြောင်း လုံးပမ်းနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စည်းရုံးရေးတွေ ဆင်းနေရတယ်။ ဆက်လက်ပြီးတော့ အောက်ပြည်အောက်နယ်မှာ ပြည်သူလူထုနဲ့ ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတော့က ပြည်သူများကို ကျွန်တော်တို့အဖွဲ့မှာ ပါဝင်တဲ့ကိုယ်စားလှယ်များ၊ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်များအားလုံး အောင်မြင်ရမယ်ဆိုတဲ့ အနေနဲ့ စည်းရုံးရေးဆင်းတဲ့ လုပ်ငန်းတွေ လုပ်နေပါပြီ"ဟု အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကိစ္စအ၀၀ကို သဘာပတိအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဥပဒေပညာရှင် ဦးဥာဏ်ဝင်းအား တာဝန်ပေးအပ်ထားကြောင်း ပြောကြားခဲ့သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်း မရှိဘဲ သဘာပတိအဖွဲ့နာယက ဦးတင်ဦးနှင့် တာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပထမဦးဆုံး လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးတို့ တက်ရောက်ခဲ့ပြီး မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စာနယ်ဇင်းမှ မေးမြန်းချက်များကို မဲဆွယ်စည်းရုံးရေး တာဝန်ခံ ဦးဥာဏ်ဝင်းက ပြန်လည်ဖြေကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မကို အဖွားကြီးလို့ခေါ်တာ လက်ခံပါတယ်"ဟု နိုင်ငံရေးပါတီတစ်ခု၏ ပြောကြားချက်အပေါ် မှတ်ချက်ပြုခဲ့ကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်းများကို ၀န်ကြီးဌာနက ၀င်ရောက်စွက်ဖက်ခွင့် ပြုထားပါက ယခုကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်တရား မျှတမှုရှိနိုင်ရန် ခဲယဉ်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ခံ ဦးဉာဏ်ဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သတင်းစာ ရှင်းလင်းပွဲတွင် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် တွေ့ကြုံနေရသော အတားအဆီးများ၊ အခက်အခဲများနှင့် ပတ်သက်၍ ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က လှည်းကူးမြို့နယ်၌ လူထုစည်းရုံး ဟောပြောပွဲပြုလုပ်ရန် အတွက် ဘောလုံးကွင်းကို တောင်းခံခဲ့ရာ ကော်မရှင်က ခွင့်ပြုပြီးဖြစ်သော်လည်း အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးတင့်ဆန်းက တားမြစ်ခဲ့ကြောင်း၊ သို့ရာတွင်  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရာ ဘောလုံးကွင်းအတွင်း ဟောပြောခွင့် ပြန်လည် ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် မည်သည့် အားကစားကွင်းတွင်မှ ဟောပြောစည်းရုံးမှုပြုလုပ်ရန် တားမြစ်ခြင်း၊ မြစ်ကြီးနား ခရီးစဉ်ကို လုံခြုံရေးအရဟုဆိုကာ တားမြစ်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ကိုယ်စားလှယ်လောင်းအမည် မထွက်ရှိသေးသဖြင့် ပါတီစည်းရုံးရေး၊ မဲဆွယ်စည်းရုံးရေးကို တားမြစ်ထားကြောင်းနှင့် ထိုသို့တားမြစ်ခြင်းမှာ ဥပဒေနှင့် ဆန့်ကျင်နေကြောင်း၊ ပါတီအချို့မှာ မဲဝယ်မှုများရှိနေကြောင်း၊ ထိုသို့ အကြောင်းများကြောင့် ယခုကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်လာရန် ခဲယဉ်းကြောင်း ဦးဉာဏ်ဝင်းက ထည့်သွင်းပြောဆိုခဲ့သည်။

''ကျုပ်တို့ တရားမျှတအောင် လုပ်တာပဲလို့ ပြောတာက လုံလောက်တဲ့ ဖြေရှင်းချက် မဟုတ်ဘူး။  ပြည်သူအများက ကြည့်ပြီးတော့ ဒီရွေးကောက်ပွဲဟာ တရားမျှတတာပဲလို့ မြင်အောင်လုပ်ပြနိုင်မှသာ တရားမျှတတဲ့ ရွေးကောက်ပွဲပါ။ အဲဒီတော့ တင်ပြချင်တဲ့ အဓိကအချက်ကတော့ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးအတွက် အန္တရာယ်တွေ အများကြီး ရှိနေတယ်။ လက်ရှိအတိုင်းပဲဆိုရင် တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ ခဲယဉ်းမယ်လို့ ကျွန်တော်တို့ အဲဒီလိုပဲ  ထပ်လောင်း ပြောချင်ပါတယ်''ဟု ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သည့် အားကစားကွင်းများတွင် လူထုဟောပြောပွဲများ မပြုလုပ်ရဆိုသည့် ကြေညာချက်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေ ကြောင်း၊ ထို့အပြင် သက်ဆိုင်ရာဝန်ကြီးဌာနက ကော်မရှင်၏ လုပ်ငန်းကို ၀င်စွက်သည့် သဘောရောက်ကြောင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားကြောင်းလည်း သိရသည်။ ထို့အပြင် ကန့်ကွက်စာများကို အဖြေမထုတ်နိုင်လျှင် လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတပါသည်ဟု မဆိုနိုင်တော့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

''ရွေးကောက်ပွဲ ကော်မရှင်ဆိုတာက  ရွေးကောက်ပွဲမှာ အဓိကအဖွဲ့အစည်းပါ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းတွေကို ၀န်ကြီးဌာနက ၀င်ရောက်စွက်ဖက်ခွင့်ပြုထားရင် တရားမျှတမှု မရှိနိုင်ပါဘူးလို့။ တရားမျှတမှုဖြစ်ဖို့ ခဲယဉ်းတယ်လို့ ကျွန်တော် ဒီလိုဆိုလိုတာပါ။ တကယ်က ရွေးကောက်ပွဲ ကော်မရှင်သည် Independent body ပါ။ အလုပ်အကိုင် တွေကို Independent မဖြစ်တာကို ကျွန်တော် အားမရဖြစ်တာပါ''ဟု ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်။ ထိုသို့ပြောဆိုခြင်းမှာ ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းကိုသာ ဦးတည်ပြောဆိုခြင်း ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။


Credit: EMG

No comments:

Post a Comment